မီးတောင်မှထွက်ရှိလာတဲ့ ကြီးမားတဲ့ မီးခိုးနဲ့ ပြာမှုန်ထုကြီးကနေ ဒေသခံတွေ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရပါတယ်

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်ရှိ ဆီမီရူမီးတောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၄ ဦး သေဆုံးပြီး ၃၅ ဦးထက်မနည်း လောင်ကျွမ်းဒဏ်ရာများရခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: Reuters)

အစောပိုင်းမှာ လူတစ်ဦး သေဆုံးပြီး ၄၁ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူ‌တွေက ပြောထားခဲ့ပြီး သေဆုံးသူဦးရေ တိုးလာခဲ့တာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုမှတ်တမ်းအတွင်း ဒေသခံတွေဟာ မီးတောင်မှထွက်ရှိလာတဲ့ ကြီးမားတဲ့ မီးခိုးနဲ့ ပြာမှုန်ထုကြီးကနေ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြတာကို တွေ့ရပါတယ်။



မီးတောင်အနီးရှိ ကျေးရွာတွေမှာ အပျက်အစီးများနဲ့ ထူထပ်တဲ့မီးခိုးများ ဖုံးလွှမ်းသွားခဲ့ပြီး နေရာင်မမြင်ဘဲ မှောင်မိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။ မီးတောင်ပြာမှုန်တွေဟာ အမြင့်ပေ ၅၀,၀၀၀ အထိ ရောက်ရှိနိုင်တာကြောင့် လေကြောင်းလိုင်းတွေကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။

(Photo: EPA)

ဆီမီရူမီတောင်ပေါက်ကွဲမှုဟာ ယနေ့ (ဒီဇင်ဘာ ၄ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲခန့်မှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဒေသအာဏာပိုင်တွေက မီးတောင်ဝနေရာမှ ၃ မိုင်ပတ်လည်ကို ကန့်သတ်ဇုန်အဖြစ် သတ်မှတ်ထားပါတယ်။ မီးတောင်တည်ရှိရာ ဧရိယာကနေ အနီးအနားရှိ Malang မြို့သို့ ဆက်သွယ်ထားတဲ့ လမ်းမတစ်ခုနဲ့ တံတားတစ်စင်း အသွားအလာပြတ်တောက်ခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူ Thoriqul Haq က Reuters သတင်းဌာနကို ပြောပါတယ်။

(Photo: Reuters)

မီးတောင်ပေါက်ကွဲမှုအတွင်း ဒဏ်ရာရခဲ့သူတွေအနက် ၃၅ ဦးကို ဒေသတွင်း ဆေးရုံမှာ ကုသပေးနေကြောင်း အင်ဒိုနီးရှား ဘေးအန္တရာယ်ဆိုင်ရာဌာန BNPB က ထုတ်ပြန်ပါတယ်။ မီးတောင်ပေါက်ကွဲပြီးနောက် ကြီးမားတဲ့ ပြာမှုန်နဲ့ မီးခိုးတွေကြောင့် အဆောက်အအုံတွေထဲမှာ ပိတ်မိနေခဲ့သူတွေကို ရဟတ်ယာဥ်များသုံးပြီး ကယ်တင်ရန် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဆီမီရူမီးတောင်ဟာ အင်ဒိုနီးရှားရှိ လှုပ်ရှားမှုရှိတဲ့ မီးတောင်ရှင် ၁၃၀ အနက် တစ်ခုအပါအဝင်ဖြစ်ပြီး ဂျာဗားကျွန်းမှာ အမြင့်ဆုံးလည်း ဖြစ်ပါတယ်။ ထိုမီးတောင်ဟာ ဇန်နဝါရီလအတွင်းမှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေဆုံးဒဏ်ရာရမှု မရှိခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က