အင်ဒိုနီးရှားနိုင်ငံရှိ အကျဥ်းသားဦးရေ ပြည့်ကျပ်နေတဲ့ အကျဥ်းထောင်တစ်ခုမှာ ယနေ့ (စက်တင်ဘာ ၈ ရက်) မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၄၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ကျခံနေရသူတွေကို အကျဥ်းချထားတဲ့ Banten ပြည်နယ်ရှိ Tangerang အကျဥ်းထောင်ရဲ့ အဆောင် C မှာ ဒေသစံတော်ချိန် ယနေ့မနက် ၁ နာရီက မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွားစဥ် အကျဥ်းသားအများစု အိပ်ပျော်နေခဲ့ကြပြီး မနက် ၃ နာရီဝန်းကျင်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
(Photo: EPA)
ရုပ်မြင်သံကြားသတင်းက ထုတ်လွှင့်ပြသမှုအရ အကျဥ်းထောင်ရဲ့အဆောင်တစ်ခုလုံးမှာ ကြီးမားတဲ့ မီးတောက်ကြီး လောင်ကျွမ်းနေတာတွေ့ရပြီး ထိုအဆောက်အအုံကနေ မီးခိုးများ ထူထပ်စွာ ထွက်ပေါ်နေခဲ့ပါတယ်။ မီးသတ်သမားတွေက မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေကြတာကိုလည်း ရုပ်သံသတင်းမှာ တွေ့ခဲ့ရပါတယ်။
"လူ အယောက် ၄၀ က အဲဒီမှာတင် သေဆုံးခဲ့ပြီး နောက်တစ်ယောက်ကတော့ ဆေးရုံကို ပို့ဆောင်နေတဲ့လမ်းမှာပဲ သေဆုံးသွားခဲ့ပါတယ်" လို့ အင်ဒိုနီးရှား တရားစီရင်ရေးဆိုင်ရာ ဝန်ကြီး Yasonna Laoly က ပြောပါတယ်။ မီးလောင်မှုအတွင်း လူ ၈ ဦး အပြင်းအထန် ဒဏ်ရာခဲ့ကြောင်းနဲ့ နောက်ထပ် ၃၁ ဦးကတော့ အသေးစား ဒဏ်ရာများရခဲ့တယ်လို့ ၎င်းကဆိုပါတယ်။
(Photo: Fajrin Raharjo/AFP)
ဂျကာတာမြို့တော် အပြင်ဘက်ရှိ Tangerang အကျဥ်းထောင် မီးလောင်မှုအကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပေမဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် ဖြစ်နိုင်ကြောင်း သံသယရှိနေကြပါတယ်။ "မီးလောင်မှုဖြစ်တဲ့နေရာကို စစ်ဆေးခဲ့ပါတယ်၊ ကနဦး စစ်ဆေးတွေ့ရှိရသလောက်တော့ မီးလောင်မှုက ဝါယာရှော့ဖြစ်တာကြောင့်လို့ သံသရှိပါတယ်" လို့ ဂျကာတာရဲတပ်ဖွဲ့ အကြီးအကဲ Fadil Imran က ပြောပါတယ်။
ထိုအကျဥ်းထောင်ရဲ့ လျှပ်စစ်ဓာတ်အားစနစ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော် ၁၉၇၂ ခုနှစ်မှာ ဆောက်လုပ်ခဲ့ပြီးကတည်းက အဆင့်မြှင့်တင်မှု မလုပ်ဆောင်ခဲ့ဘူးလို့လည်း Fadil Imran က ဆိုပါတယ်။ "မီးက ကူးစက်သွားတာ မြန်တယ်၊ အစောင့်တွေသိတဲ့အချိန်မှာ အကျဥ်းခန်းအချို့ကို ဖွင့်ပေးဖို့ အချိန်မရခဲ့ဘူး၊ မီးကူး ကူးစက်လောင်ကျွမ်းနေပြီး မီးငြိမ်းသွားချိန်မှာ သေဆုံးသူတွေကို တွေ့ခဲ့ရတယ်" လို့ ဂျကာတာရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။ အကျဥ်းထောင်မီးလောင်မှုအတွင်း သေဆုံးခဲ့သူတွေအနက် တောင်အာဖရိကနဲ့ ပေါ်တူဂီမှ နိုင်ငံခြားသားနှစ်ဦး ပါဝင်ခဲ့ပါတယ်။
(Photo: Photo: Indonesia Ministry of Law and Human Rights)
ဂျကာတာမြို့အနီးရှိ Tangerang အကျဥ်းထောင်ဟာ အကျဥ်းသားဦးရေ ၆၀၀ အတွက်သာ တည်ဆောက်ထားခဲ့တာဖြစ်ပေမဲ့ လက်ရှိမှာ အကျဥ်းသား ၂,၀၀၀ ကျော်ကို ချုပ်နှောင်ထားကြောင်း သိရပါတယ်။ ယခု မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အကျဥ်းထောင်ရဲ့ အဆောင်ဟာလည်း အကျဥ်းသား ၄၀ အတွက်ဖြစ်ပေမဲ့ လက်တွေ့မှာ အကျဥ်းသား ၁၂၀ ကို ချုပ်နှောင်ထားကြောင်း အကျဥ်းဦးစီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Rika Aprianti က Metro TV သတင်းဌာနကို ပြောပါတယ်။