ရန်ကုန်ယူနိုက်တက်နဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ဝင်းနိုင်ထွန်းဟာ အင်ဒိုနီးရှားကလပ် ဘော်နီယိုအသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီခဲ့ပြီလို့ သိရပါတယ်။ ရတနာပုံနဲ့ ဧရာ၀တီတို့မှာလည်း ကစားခဲ့တဲ့ ဝင်းနိုင်ထွန်းဟာ လာမယ့် အင်ဒိုနီးရှားလီဂါဘောလုံးရာသီသစ်မှာ စတင်ကစားရမှာဖြစ်ပါတယ်။
အာဆီယံသတင်းအရင်းအမြစ်တွေရဲ့ ဖော်ပြချက်အရ သူဟာ အင်ဒိုနီးရှားလီဂါ ၁ မှာ ပထမဆုံးကစားခွင့်ရမယ့် မြန်မာကစားသမားဖြစ်လာမယ်လို့လည်း သိရပါတယ်။ လက်ရှိမှာ မြန်မာအသင်းတိုက်စစ်အတွက် အရေးပါတဲ့သူတဦးအဖြစ် ရှိနေတဲ့ ဝင်းနိုင်ထွန်းအတွက်တော့ ဒါက ပြည်ပကို ပထမဆုံးအကြိမ်ထွက်ခွာ ကစားမှာလည်းဖြစ်ပါတယ်။
ဝင်းနိုင်းထွန်းရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားခြင်းတော့ မရှိပါဘူး။ ဘော်နီယိုကတော့ ပြီးခဲ့တဲ့ အင်ဒိုလီဂါဘောလုံးရာသီမှာ အဆင့် ၄ နေရာရပ်တည်ခဲ့ပြီး အင်ဒိုအင်အားကြီးကလပ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါအသင်းမှာ ဘရာဇီးလ်ကစားသမားတွေလည်းရှိနေပြီး အများစုကတော့ အင်ဒိုနီးရှားကစားသမားတွေဖြစ်ပါတယ်။
ဘော်နီယိုအသင်းရဲ့ ဝီကီပီဒီးယားမှာလည်း အသင်းလူစာရင်းမှာ ဝင်းနိုင်ထွန်းကို ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။ ဝင်းနိုင်ထွန်းဟာ လက်ရွေးစင်အသင်းအတွက် ၂၅ ပွဲကစားထားပြီး ၁ ဂိုးသွင်းယားထားကာ ယူ-၂၃ အတွက်တော့ ၁၈ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်အတွက်တော့ သူက ၁၄ ပွဲမှာ ၁၄ ဂိုးသွင်းခဲ့ပါတယ်။