ဘရာဇီးလ်ကြယ်ပွင့်ကြီးက အရှေ့တောင်အာရှကို ရောက်လာတော့မှာပါ။

နာမည်ကျော် ဘရာဇီးလ်ကြယ်ပွင့်ဟောင်း ရော်နယ်ဒင်ဟိုဟာ အင်ဒိုနီးရှားကလပ်တခုနဲ့ စာချုပ်ချုပ်ဆိုလိုက်တယ်လို့သိရပါတယ်။ အင်ဒိုနီးရှားဆယ်လီတဦးဖြစ်တဲ့ Raffi Ahmad ပိုင်ဆိုင်တဲ့ RANS Cilegon FC အသင်းနဲ့ စာချုပ်ချုပ်ခဲ့ပြီး အဆိုပါအသင်းအတွက် ပါဝင်ကစားပေးသွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က အသင်းရဲ့ နှစ်ပတ်လည်အခမ်းအနားနေ့မှာ ကြေငြာခဲ့တာဖြစ်ပြီး အဆိုပါအခမ်းအနားကို အင်ဒိုနီးရှားအားကစားဝန်ကြီး Zainudin Amali တက်ရောက်ခဲ့သလို ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ Mochamad Iriawan လည်း တက်ရောက်ခဲ့ကာ အဆိုပါပုဂ္ဂိုလ်တွေရှေ့မှာ RANS အသင်းက တရားဝင်အတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။ 

"ဒါက လူငယ်ကစားသမားတွေအတွက် အများကြီးအကျိုးရှိစေမှာပါ၊ ပြီးတော့ ဘောလုံးအပေါ် စိတ်အားထက်သန်မှုနဲ့ စိတ်ဝင်စားမှုတွေလည်း ပိုများလာမယ်လို့ ကျနော်ထင်ပါတယ်၊ အခု ဒီအချက်က နိုင်ငံတွင်းက ဘောလုံးအပေါ် ဝါသနာပါတဲ့ လူငယ်တွေကြားမှာ လှုံ့ဆော်နှိုးဆွမှု ပေးနိုင်ပါလိမ့်မယ်၊ ကျနော်တို့ ဘောလုံးလောကက တနေ့ထက်တနေ့ ပိုပြီးကောင်းလာပါတယ်" လို့ ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ရော်နယ်ဒင်ဟိုဟာ အင်ဒိုနီးရှားလိဂ်မှာတော့ ကစားမှာမဟုတ်ဘဲ Trofeo Cup ပြိုင်ပွဲမှာသာ ဝင်ကစားပေးမှာလို့ သိရပါတယ်။ RANS ကတော့ ရော်နယ်ဒင်ဟိုအပြင် အခြားသော ဂန္ထဝင်ကစားသမားတွေကိုလည်း သူတို့အသင်းအတွက် ခေတ္တကစားပေးဖို့ ချိတ်ဆက်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ RANS အသင်းကတော့ လက်ရှိမှာ အင်ဒိုလီဂါ-၁ ကို တန်းတက်ကစားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က