ကျန်းမာရေးကြောင့်ပရိသတ်ရှေ့ ထွက်မလာနိုင်တာပါ။

သရုပ်ဆောင်အကယ်ဒမီ အိ​န္ဒြာကျော်ဇင်က အနုပညာအလုပ်တွေ နဲ့ ပတ်သတ်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ သတင်းအမှားတွေသာဖြစ်ပြီး မိသားစုကအတည်ပြုတဲ့သတင်းတွေကိုသာ ယုံကြည်ပေးဖို့ အိန္ဒြာကျော်ဇင်ရဲ့ အစ်မဖြစ်သူ အိကျော်ဇင်က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးလိုက်ပါတယ်။  

ထောင်ဒဏ်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် ယနေ့အထိ ပရိသတ်ရှေ့ ထွက်မလာသေးတဲ့ အချိန်မှာ ဒီလိုသတင်းအချို့ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ သတင်းအမှားတွေနဲ့ ပတ်သက်ပြီး အစ်မဖြစ်သူ အိကျော်ဇင်က သူမရဲ့ဆိုရှယ်မီဒီယာ စာမျက်နှာကနေ ""မောင်လေးပြေတီဦးနဲ့ညီမလေး အိန္ဒြာကျော်ဇင်တို့ရဲ့ သတင်းအမှားတွေ အခုတလော ခဏခဏတက်နေတာနဲ့ ပတ်သက်လို့ သူတို့ရဲ့အနုပညာကိုတန်ဖိုးထားပြီး ချစ်ပေးတဲ့ ပရိသတ်တွေအနေနဲ့ မိသားစုကတင်တဲ့သတင်းကလွဲလို့ဘယ်သတင်းမှ မယုံကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်"ဆိုပြီး ရေးသားခဲ့ပါတယ် ။

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာ ကျန်းမာရေးအခြေအနေ အချို့ကြောင့် ဆေးကုသမှု ခံယူနေရတာဖြစ်ပြီး ပရိသတ်တွေနဲ့ ထိတွေ့နိုင်မယ့် နည်းလမ်းတွေကိုလည်း စဥ်းစားနေတာဖြစ်ကြောင်း အစ်မဖြစ်သူ အိကျော်ဇင်က ရှင်းပြထားပါတယ်။ "ညီမလေး အိန္ဒြာကျော်ဇင်ဟာ အခုအချိန်မှာ တစ်ချို့သော ကျန်းမာရေးပြဿနာတွေရှိလို့ ဆေးကုသမှုခံယူပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း အနားယူနေရတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။ကိုယ်တိုင်ပရိသတ်ရှေ့ကို မထွက်နိုင်ခင်မှာ သူချစ်တဲ့ ပရိသတ်နဲ့ ထိတွေ့နိုင်မယ့် နည်းလမ်းလေးတွေ စဉ်းစားနေတယ်လို့လဲ ညီမလေးကပြောပါတယ်။ဒါကြောင့် မိသားစုက အတည်ပြုထားခြင်း မရှိတဲ့ သတင်းအမှားတွေအတွက် မစိုးရိမ်ကြပါနဲ့လို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင့်" ဆိုပြီး ရေးသားထားပါတယ်။ 

အကယ်ဒမီ မင်းသမီးအိန္ဒြာကျော်ဇင်ကတော့ ယခုနှစ် မတ်လထဲမှာ ၅၀၅(က)အမှုကနေ ကင်းလွတ်ခွင့်ရရှိခဲ့ပြီးဖြစ်ပြီး လတ်တလောမှာတော့ အနုပညာအလုပ်တွေ လုပ်ကိုင်ခြင်း မရှိသေးတဲ့အပြင် ပရိသတ်ရှေ့ကိုလည်း ထွက်မလာသေးသူ ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ဟာ အနုပညာသက်နှစ် (၃၀)ကိုရောက်ရှိခဲ့ပြီးဖြစ်ပြီး အကယ်ဒမီ ၂ ဆုကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ၂၀၀၄ခု နှစ်မှာ "မျက်နှာများတဲ့ကောင်းကင်" ၊ ၂၀၁ရခု နှစ်မှာ "ရင်ဘတ်ထဲကဓား"တို့နဲ့အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတို့ကိုရရှိခဲ့သူဖြစ်ပါတယ်။

Share

က္က