အီရန်စစ်သင်္ဘောက ဒုံးကျည်စမ်းသပ်ရာ ထောက်ပံ့ရေးသင်္ဘောကို ထိမှန်သွားခဲ့ပါတယ်။

အိုမန်ပင်လယ်ကွေ့အတွင်း အီရန်ရေတပ်သင်္ဘောတစ်စီးက ဒုံးကျည်စမ်းသပ်ရာမှ ထိမှန်ခံရမှုကြောင့် ထောက်ပံ့ရေးသင်္ဘောမှ သင်္ဘောသားအမှုထမ်း ၁၉ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း အီရန်ရေတပ်က ပြောပါတယ်။

(ထောက်ပံ့ရေးသင်္ဘော Konarak ပျက်စီးနေမှု) (Photo: AFP)

အီရန်မီဒီယာမှာ ဖော်ပြထားမှုအရ တနင်္ဂနွေနေ့ (မေ ၁၀ ရက်) က ဖရီးဂိတ်စစ်သင်္ဘော Jamaran က စစ်ရေးလေ့ကျင့်ခန်းပြုလုပ်စဥ် သင်္ဘောဖျက်ဒုံးကျည်အသစ်ကို စမ်းသပ်ပစ်လွှတ်ခဲ့ရာ ထောက်ပံ့ရေးသင်္ဘော Konarak ကို ထိမှန်သွားခဲ့ကြောင်း သိရပါတယ်။ ထောက်ပံ့ရေးသင်္ဘော Konarak ဟာ ရေတပ်လေ့ကျင့်ရေးအတွက် ပင်လယ်ပြင်မှာ ပစ်မှတ်များ ချထားပေးနေခဲ့တာဖြစ်ပြီး ပစ်မှတ်တစ်ခုနဲ့ အလွန်နီးကပ်နေခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။



ဒုံးကျည်ထိမှန်ခံရတဲ့ သင်္ဘောကို ဆိပ်ကမ်းသို့ ဆွဲလာခဲ့ပြီး စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်နေကြောင်း အီရန်ရေတပ် ပြောပါတယ်။ ယခုဖြစ်ရပ်ဟာ ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်မှုရဲ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာရာ မဟာဗျူဟာမြောက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းအနီးမှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

(အီရန် ဖရီးဂိတ်စစ်သင်္ဘော Jamaran ကို တွေ့ရစဥ်) (Photo: AFP)

အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ မကြာသေးမီကလည်း အမှားအယွင်း ရှိခဲ့ဖူးပါတယ်။ ယခုနှစ် ဇန်နဝါရီလအတွင်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က မြေပြင်မှဝေဟင်ပစ် ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ရာ တီဟီရန်မြို့ကနေ ကိဗ်မြို့ကို ပျံသန်းနေတဲ့ Boeing 737 ယူကရိန်း ခရီးသည်တင်လေယာဥ်ကို ထိမှန်ပြီး လိုက်ပါလာသူ ၁၇၆ ဦး သေဆုံးခဲ့ပါတယ်။

သို့သော် မေ ၁၀ ရက်နေ့က ရေတပ်လေ့ကျင့်ခန်းဖြစ်ရပ်မှာတော့ ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း လေ့ကျင့်မှုလုပ်ဆောင်စဥ်မှာ ယခုကဲ့သို့ အမှားအယွင်းဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။ အီရန်အစိုးရသတင်းဌာနက Irib က ယခုဖြစ်ရပ်အပြီး မြင်ကွင်းဗီဒီယိုကို Twitter မှာ တင်ထားခဲ့ရာ ထောက်ပံ့ရေးသင်္ဘော Konarak ဟာ သိသိသာသာ ပျက်စီးနေပြီး မီးခိုးများထွက်နေတာ တွေ့ရပါတယ်။

ဖရီးဂိတ်စစ်သင်္ဘောက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ထိမှန်ခံရစဥ် Konarak သင်္ဘောပေါ်မှာ အမှုထမ်း မည်မျှရှိနေခဲ့ကြောင်း အတိအကျ မသိရသေးဘူးလို့ BBC သတင်းက ပြောပါတယ်။ ထောက်ပံ့ရေးသင်္ဘော Konarak ဟာ အရှည် ၁၅၄ ပေရှိပြီး နယ်သာလန်နိုင်ငံမှာ တည်ဆောက်ခဲတာ ဖြစ်ပါတယ်။ ထိုသင်္ဘောကို ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေး မတိုင်မီမှာ အီရန်နိုင်ငံက ဝယ်ယူထားခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က