အင်္ဂလန်နဲ့ ယူနိုက်တက်ရဲ့ ကွင်းလယ်လူ ကိုဘီမိုင်နူးက ပွဲမကစားခင်တိုင်း အမြဲတမ်း ပြုလုပ်နေကျ အရာတစ်ခုနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ မိုင်နူးဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်ရဲ့ အပြီးသတ် ကစားသမားစာရင်းမှာ ပါဝင်လာခဲ့တာပါ။
သူက ယူနိုက်တက်အသင်းကြီးအတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ပထမဆုံး ကစားပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အချိန်တိုအတွင်း ကွင်းလယ်မှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အခုလိုမျိုးပဲ ယူရိုပြိုင်ပွဲ ကစားမယ့် အင်္ဂလန်ရဲ့ အပြီးသတ် လူစာရင်းမှာပါ ယုံယုံကြည်ကြည်နဲ့ ရွေးချယ်ခံခဲ့ရတာပါ။
ယူရို၊ ကမ္ဘာ့ဖလားတို့လို ပြိုင်ပွဲကြီးတွေ မကစားခင်မှာဆိုရင် ကစားသမားအများစုက အယူသီးလေ့ရှိကြပြီး တစ်စုံတစ်ခုကို ယုံယုံကြည်ကြည် ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် မိုင်နူးကတော့ ဒါမျိုးမရှိကြောင်း၊ အင်္ဂလန်မှာရော၊ ယူနိုက်တက်မှာရော ပွဲမကစားခင် လုပ်နေကျ အရာတွေက ပြောင်းလဲလေ့ရှိကြောင်း ပြောကြားလာပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ ပွဲမကန်ခင် တစ်ခုတည်းသော ပုံမှန်လုပ်လေ့ရှိတာကတော့ Pesto Pasta ကို ပုံမှန်စားသုံးတာသာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ မိုင်နူးဟာ ယူရိုမှာ အင်္ဂလန်အတွက် ပွဲထွက်ခွင့် တစ်နေရာကို မျှော်လင့်နိုင်တဲ့ ကစားသမားပါ။
အင်္ဂလန်ရဲ့ ကွင်းလယ်မှာ ဒကလန်ရိုက်စ်နဲ့ ဘယ်လင်ဟမ်တို့ သေချာပေါက် ပွဲထွက်လာဖို့ ရှိပါတယ်။ ကျန်တဲ့တစ်နေရာကိုတော့ အာနိုးလ်၊ မိုင်နူး၊ ဂယ်လာဂါနဲ့ ဝါတန်တို့ အပြိုင်လုရဖွယ်ရှိပြီး မိုင်နူးလည်း အခွင့်အရေး ရလာနိုင်တယ်လို့ ပရိသတ်တွေက ယုံကြည်ထားပါတယ်။