အင်္ဂလန်တောင်ပံကစားသမား ဂေါ်ဒွန်ကို မနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ မြင်တွေ့ခဲ့ပါတယ်။ ဂေါ်ဒွန်ရဲ့ဓာတ်ပုံတွေကို ဗြိတိန်အခြေစိုက်မီဒီယာတွေက ဝေဝေဆာဆာနဲ့ကို ဖော်ပြခဲ့တာပါ။
ဂေါ်ဒွန်ဟာ သူ့ရဲ့မျက်နှာဖြစ်တဲ့ မေးစေ့၊ နှာခေါင်းတို့မှာ ဒဏ်ရာတွေရရှိထားပါတယ်။ ဒါ့အပြင် လက်မှာလည်း ပွန်းပဲ့ဒဏ်ရာတွေရရှိထားပြီး ပရိသတ်တွေကတော့ ဒီဒဏ်ရာတွေ ဘယ်လိုမျိုး ရခဲ့တာလဲဆိုပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။
သတင်းတွေရဲ့အဆိုအရ အင်္ဂလန်လက်ရွေးစင်အသင်းဟာ ကြာသပတေးနေ့က အသင်းအခြေစိုက်ရာ အနီးအနားမှာ စက်ဘီးစီး လေ့ကျင့်ခန်း လုပ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ အဲ့ဒီအချိန်မှာ ဂေါ်ဒွန်တစ်ယောက် စက်ဘီးမှောက်ခဲ့တာဖြစ်နိုင်ပြီး နောက်တစ်နေ့ လေ့ကျင့်ခန်း အစီအစဉ်မှာ အခုလိုမျိုး ဒဏ်ရာဒဏ်ချက်တွေနဲ့ မြင်တွေ့ခဲ့ရတာပါ။
အင်္ဂလန်ဟာ ယူရိုပြိုင်ပွဲမှာ ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ထားပြီး ဆလိုဗက်ကီးယားနဲ့ ရင်ဆိုင်ရမှာပါ။ အဲ့ဒီပွဲကိုတော့ တနင်္ဂနွေနေ့မှာ ကစားရမှာ ဖြစ်ပြီး အုပ်စုတွင်းခြေစွမ်းအရ အင်္ဂလန်တို့ နောက်တစ်ဆင့်တက်ဖို့အတွက် ရုန်းကန်ရဖို့ရှိနေပါတယ်။