အင်္ဂလန်ကစားသမားဟောင်းတဦးဖြစ်တဲ့ ခရစ္စဆပ်တန်က အင်္ဂလန်အနေနဲ့ အဖွင့်ပွဲမှာရင်ဆိုင်ရမယ့် အီရန်အသင်းရဲ့ ဂိုးသမား အလီရီဇာကို သတိထားရမယ်လို့ ပြောဆိုလိုက်ပါတယ်။ အလီရီဇာကတော့ သိုးကျောင်းသမား၊ ကားရေဆေးသမား၊ ပီဇာပို့ဆောင်ပေးသူ၊ လမ်းသန့်ရှင်းရေးသမားဘ၀ကနေ အီရန်လက်ရွေးစင်ဖြစ်လာခဲ့ပြီး သူ့ရဲ့ မိသားစုကို ကူညီပေးခဲ့ရင်း ဘောလုံးကစားခဲ့ရတာဖြစ်ပါတယ်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ အလီရီဇာဟာ ဘောလုံးကို လက်နဲ့ ပစ်ပေးရာမှာ ဂင်းနစ်မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ ၂၀၁၆ အောက်တိုဘာလအတွင်းက အီရန်မှာကစားခဲ့တဲ့ တောင်ကိုရီးယားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ သူက ဧရိယာအတွင်းကနေ လက်နဲ့ပစ်ပေးခဲ့ရာမှာ ပြိုင်ဘက်အသင်းရဲ့ Final Third ဇုန်အတွင်းထဲထိ ရောက်ရှိခဲ့ကာ ၆၁ မီတာအကွာအဝေးရှိခဲ့ပါတယ်။
အီရန်ရဲ့ လက်နက်တခုအဖြစ်နဲ့လည်း သူ့ရဲ့ လက်နဲ့ ပစ်ပေးဘောတွေက အသုံးဝင်ခဲ့ပါတယ်။ ဒါပေမယ့် ခံစစ်ကနေ ကစားကွက်စတင်တဲ့ မော်ဒန်ဘောလုံးလောကမှာတော့ ဒါက အရေးအပါဆုံးမဟုတ်ပါဘူး၊ ဒါပေမယ့်လည်း အကျိုးသက်ရောက်မှုတော့ ရှိနေတာဖြစ်ပြီး တန်ပြန်တိုက်စစ်စတင်ဖို့နဲ့ ပြိုင်ဘက်ခံစစ်ကို ဖရိုဖရဲဖြစ်အောင် လုပ်နိုင်စွမ်းတော့ရှိနေတာဖြစ်ပါတယ်။
ခရစ္စဆပ်တန်ကတော့ အင်္ဂလန်ခံစစ်ပိုင်းရဲ့ အာရုံစိုက်မှုနည်းပါးချိန်တွေမှာ ဒီလက်ပစ်ဘောတွေက အခက်တွေ့စေနိုင်မယ်လို့ ယုံကြည်နေတာပါ။ အီရန်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း ဥရုဂွေး၊ ဆီနီဂေါတို့နဲ့ ခြေစမ်းပွဲကစားခဲ့ရာမှာ ၁-၀၊ ၁-၁ ဆိုတဲ့ ရလဒ်တွေထွက်ပေါ်ခဲ့ပြီး ခံစစ်ပိုင်းက လျှော့တွက်လို့မရတဲ့ အသင်းဖြစ်နေပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားတုန်းကလည်း အလီရီဇာက ရော်နယ်ဒိုရဲ့ ပင်နယ်တီကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့ပါသေးတယ်။ အင်္ဂလန်ကို သူ့ရဲ့ ဂိုးဧရိယာအတွင်းထဲကနေပဲ အလီရီဇာက ဒုက္ခပေးနိုင်စွမ်းရှိသူလို့ ဆပ်တန်က သတ်မှတ်ထားပြီး အဖွင့်ပွဲကို သတိထားကစားဖို့ Daily Mail ကတဆင့် ရေးသားပြောဆိုခဲ့ပါတယ်။