ဂျာမနီလက်ရွေးစင် အသင်းခေါင်းဆောင် ဂွန်ဒိုဂန်က အင်္ဂလန်နဲ့ပတ်သက်လို့ အထင်မသေးဖို့၊ လျှော့မတွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အင်္ဂလန်ကလည်း အခု ယူရိုမှာ ရှုံးထွက် (၁၆) သင်းအဆင့်ကို ရောက်ရှိနေတဲ့ အသင်းပါ။
ဒါပေမယ့် အုပ်စုအဆင့်မှာ အင်္ဂလန်ရဲ့ ခြေစွမ်းက အားရစရာမကောင်းခဲ့ပါဘူး။ အုပ်စုတွင်းပြိုင်ဘက်တွေက အင်္ဂလန်ထက် အားနည်းတာကြောင့်သာ အင်္ဂလန်တို့ အုပ်စုပထမရခဲ့တယ်လို့လည်း ပရိသတ်တွေက ယုံကြည်ထားပါတယ်။
ဂွန်ဒိုဂန်ကတော့ “အင်္ဂလန်ကို ဘယ်တော့မှ လျှော့မတွက်ကြပါနဲ့။ သူတို့က အုပ်စုပထမရခဲ့တယ်၊ ရလဒ်ကောင်းတွေရခဲ့ပါတယ်။ ဒီလိုပြိုင်ပွဲတွေမှာ ဒါက ကြီးမားတဲ့ စွမ်းဆောင်ရည်တွေပါ။ ရလဒ်ကောင်းတွေက အသင်းကို ယုံကြည်မှုရှိစေပြီး ကစားပုံပိုကောင်းအောင် စိတ်ခွန်အားပေးနိုင်ပါတယ်”
“ပြင်သစ်တစ်သင်းလောက်ပဲ သူတို့လိုမျိုး အရည်အသွေးနဲ့ အလားအလာရှိပါတယ်။ အင်္ဂလန်က ရေပန်းစားတဲ့ အသင်းတွေထဲက တစ်သင်းအဖြစ် ရှိနေတုန်းပါ။ ရှုံးထွက်အဆင့်အတွက် သူတို့မှာ အတွေ့အကြုံအပြည့်ရှိပါတယ်။ ဒါပေမယ့် သူတို့ ပိုကောင်းအောင် ကစားသင့်တယ်ဆိုတဲ့ ဝေဖန်မှုတွေကို ကျနော် နားလည်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
အင်္ဂလန်ရဲ့ ဗိုလ်လုပွဲတက်ရာ လမ်းကြောင်းမှာ ဂျာမနီ၊ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်တို့လို အသင်းမျိုးတွေ မရှိပါဘူး။ နယ်သာလန်တစ်သင်းလောက်သာ နာမည်ကြီး အသင်းအဖြစ် အင်္ဂလန်ရဲ့ လမ်းကြောင်းမှာ ကျန်တော့ပြီး လက်ရှိချန်ပီယံအီတလီကလည်း မနေ့က ဆွစ်ဇာလန်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲက ထွက်ခဲ့ရပြီးဖြစ်ပါတယ်။