ယူရိုရှုံးထွက် (၁၆) သင်းအဆင့်မှာ အင်္ဂလန်နဲ့ ဆလိုဗက်ကီးယားတို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ ဒီပွဲအတွက် ဆလိုဗက်ကီးယား ကွင်းလယ်လူ ဒူဒါက အကောင်းဆုံး ရင်ဆိုင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အင်္ဂလန်ဟာ ယူရိုအုပ်စုအဆင့်မှာ အုပ်စုပထမနဲ့ နောက်တစ်ဆင့်ကို တက်ရောက်ခဲ့တာပါ။ ဒါပေမယ့်လည်း သူတို့ရဲ့ခြေစွမ်းက အားရစရာမရှိဘဲ တစ်ပွဲနိုင်၊ နှစ်ပွဲသရေ ရလဒ်သာ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဆလိုဗက်ကီးယားကတော့ ဘယ်လ်ဂျီယံ၊ ရိုမေးနီးယားတို့ပါဝင်တဲ့ အုပ်စုမှာ အကောင်းဆုံး အုပ်စုတတိယအဖြစ် နောက်တစ်ဆင့်ကို တက်ရောက်လာခဲ့တာပါ။ ထူးခြားချက်ကတော့ ဆလိုဗက်ကီးယားရဲ့ အုပ်စုမှာ အသင်း (၄) သင်းစလုံး (၄) မှတ်စီရခဲ့ပြီး ယူကရိန်းက အုပ်စု နောက်ဆုံးနဲ့ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။
အခုလိုမျိုး အင်္ဂလန်နဲ့ ရင်ဆိုင်ရမယ့်အပေါ် ဒူဒါက “အင်္ဂလန်အသင်းက အရည်အသွေးရှိတဲ့ အသင်းတစ်သင်းပါ။ ဒါပေမယ့် သူတို့နဲ့ ရင်ဆိုင်ခဲ့တဲ့ ပြိုင်ဘက်အသင်းတိုင်းက သူတို့ကို ဒုက္ခပေးနိုင်စွမ်း၊ညှင်းပန်းနိုင်စွမ်းရှိပါတယ်။ (၁၆) သင်းအဆင့် ပွဲစဉ်တွေက ဘာမှမှန်းဆလို့ မရပါဘူး”
“ဒါပေမယ့် ကျနော်တို့ ဒီအဆင့်ကို တက်နိုင်ခဲ့ပြီး ကိုယ့်ပုံစံနဲ့ကိုယ် အကောင်းဆုံးကစားနိုင်လို့ အကျေနပ်ဆုံးဖြစ်ရပါတယ်။ ပြိုင်ပွဲစကတည်းက ကျနော်တို့ အကောင်းဆုံး ကစားခဲ့တယ်၊ တစ်ယောက်အတွက် တစ်ယောက် တိုက်ပွဲဝင်ခဲ့တယ်။ ဒီပြိုင်ပွဲမှာ တတ်နိုင်သလောက် ဆက်သွားပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။