အင်္ဂလန် ကစားသမားတွေ ယူရိုပြိုင်ပွဲမှာ တစ်ပွဲကစားတိုင်း ရရှိမယ့် ငွေပမာဏကို သတင်းဌာနတွေက ဖော်ပြလာပါတယ်။ ဂျာမနီမှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲကြီး စတင်ဖို့က အချိန်ကာလအားဖြင့် တစ်ပတ်ကျော်သာ လိုအပ်တော့တာပါ။
ဒီပြိုင်ပွဲကြီးမှာ ပါဝင်ကစားဖို့ အင်္ဂလန်တို့ ခြေစစ်ပွဲ အောင်မြင်ထားပြီး အင်္ဂလန်ကစားသမားတွေက ယူရိုပြိုင်ပွဲမှာ တစ်ပွဲချင်းစီအတွက် ပေါင်နှစ်ထောင် ရရှိသွားမှာ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေဟာ ယူရိုပြိုင်ပွဲကြီးမှာ ပါဝင်ကစားမယ့် တစ်သင်းချင်းစီအတွက် ပေါင် (၇.၉၂) သန်း ပေးအပ်သွားမှာပါ။
ဒီငွေပမာဏက အသင်းတွေ နောက်တစ်ဆင့်တက်တိုင်း မြင့်တက်သွားမှာ ဖြစ်ပါတယ်။ ချန်ပီယံဖြစ်တဲ့ အသင်းတစ်သင်းကတော့ ပေါင် (၂၆) သန်းအထိ ရရှိနိုင်မှာပါ။ အဲ့ဒါကြောင့်လည်း ဒီအပေါ်မှာ အခြေခံပြီး အင်္ဂလန်ကစားသမားတွေရရှိမယ့် ငွေကြေးပမာဏ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း (၂၀၀၇) ကတည်းက အင်္ဂလန်ကစားသမားတွေက သူတို့ တစ်ပွဲချင်းရရှိတဲ့ ငွေပမာဏကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ထံ ပြန်လည်လှူဒါန်းခဲ့ကြပါတယ်။ ဒီကတစ်ဆင့် ပရဟိတအဖွဲ့အစည်းတွေထံကို လှူဒါန်းခဲ့ကြတာပါ။
တစ်ဖက်မှာတော့ တစ်ပွဲချင်းစီပွဲကစားကြေးအပြင် အနိုင်ရခဲ့ရင်ဆိုတဲ့ အပိုဆုကြေးတွေလည်း ရှိပါတယ်။ ဒီအပိုဆုကြေးတွေကတော့ သက်ဆိုင်ရာ နိုင်ငံဘောလုံးအဖွဲ့ချုပ်တွေအပေါ် မူတည်ပြီး တစ်သင်းနဲ့ တစ်သင်း ကွဲပြားသွားမှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။