ယူနိုက်တက်နဲ့ အင်္ဂလန်တို့ရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး ရွန်းနီက အိုက်စလန်ကို အင်္ဂလန်တို့ ရှုံးနိမ့်ခဲ့တဲ့နောက် ဗဟိုနောက်ခံလူ မက်ဂွိုင်းရားကို လွမ်းဆွတ်နေရတော့မယ်လို့ ပြောကြားလိုက်ပါတယ်။ အင်္ဂလန်ဟာ အိုက်စလန်ကို အိမ်ကွင်းမှာ ၀-၁ ဂိုးနဲ့ ရှုံးခဲ့တာပါ။
ဒါဟာ အင်္ဂလန်အတွက် ယူရိုပြိုင်ပွဲမစခင် နောက်ဆုံး (၅) ပွဲမှာ တစ်ပွဲတည်း အနိုင်ရထားတဲ့ မှတ်တမ်းဆိုးကိုလည်း ပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်အတွက် ယူရိုပြိုင်ပွဲမတိုင်ခင် နောက်ဆုံးကစားတဲ့ ခြေစမ်းပွဲလည်း ဖြစ်ပါတယ်။
အင်္ဂလန်ဟာ လာမယ့် တနင်္ဂနွေနေ့ညမှာ ယူရိုအုပ်စုပွဲအဖြစ် ဆာဘီးယားနဲ့ ရင်ဆိုင်ကစားရတော့မှာပါ။ ဆောက်ဂိတ်အကြိုက် ကစားသမားဖြစ်တဲ့ မက်ဂွိုင်းရားကတော့ ဒဏ်ရာပြဿနာကြောင့် အင်္ဂလန်ရဲ့ အပြီးသတ်လူစာရင်းမှာ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။
ဒီအပေါ်မှာ ရွန်းနီက “အိုက်စလန်နဲ့ပွဲမှာ အင်္ဂလန်နောက်တန်းက အချိတ်အဆက် ပြတ်နေပါတယ်။ ဒါက အတွေ့အကြုံမရှိလို့ ဖြစ်တာပါ။ ဆောက်ဂိတ်နဲ့ နည်းပြအဖွဲ့ဝင်တွေက သူတို့ကို နေရာယူပုံမှန်ဖို့ ပြသရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ကိုယ့်အသင်းက တိုက်စစ်ကစားသမားတွေနဲ့ ပတ်သက်လို့ စိတ်လှုပ်ရှားနေလို့ပါ”
“သူတို့က နောက်တန်းကို ဆင်းပြီး ကူညီနိုင်ရပါမယ်။ အိုက်စလန်နဲ့ပွဲက အင်္ဂလန်အတွက် မက်ဂွိုင်းရားရဲ့ အရေးပါမှုကို အမှန်တကယ် ပြသခဲ့တာပါ။ သူ့ကို လူစာရင်းမှာ မခေါ်လာနိုင်တာက ဘယ်လောက်တောင် ကြီးမားတဲ့ ဆုံးရှုံးမှုလဲဗျာ” လို့ ပြောကြားသွားခဲ့ပါတယ်။