အင်္ဂလန်ကတော့ ဘယ်လင်ဟမ်ကြောင့် ကွင်းလယ်ပိုင်းမှာ ၁၀ နှစ်၊ ၁၅ နှစ်စာ အေးအေးဆေးဆေးဖြစ်သွားပြီလို့ ချီးကျူးခံနေရပါတယ်။ အီတလီကို အနိုင်ရခဲ့တဲ့ပွဲမှာ ဘယ်လင်ဟမ်က တော်တော်လေးခြေစွမ်းပြနိုင်ခဲ့ပြီး ရက်ရှ်ဖို့ဒ်အတွက် သွင်းဂိုးကိုလည်း သူ့ရဲ့ အားထုတ်မှုကနေ ဖန်တီးပေးသွားခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်မှာ ခြေစွမ်းပြနေတဲ့ ဘယ်လင်ဟမ်က လက်ရွေးစင်အသင်းမှာလည်း ပုံမှန်ခြေစွမ်းကို ထိန်းသိမ်းထားနိုင်တာ တကယ်အံ့အားသင့်ဖို့ကောင်းပါတယ်။ ပွဲတွေဆက်တိုက်ကစားနေရပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုက အကောင်းဆုံးဖြစ်နေပြီး အင်္ဂလန်ကွင်းလယ်မှာ ရှားရှားပါးပါးမြင်တွေ့ရတဲ့ ကစားသမားတဦးလို့လည်း သတ်မှတ်ခံနေရပါပြီ။
အသက် ၂၀ ပဲရှိသေးတဲ့ ဘယ်လင်ဟမ်ဆီက ဒီလိုမျိုးပုံစံကို မြင်တွေ့နေရတာပါ။ အီတလီနဲ့ပွဲမှာ ဟယ်ရီကိန်းက ၂ဂိုးသွင်းခဲ့ပေမယ့် အကောင်းဆုံးကစားသမားဆုကိုတော့ ဘယ်လင်ဟမ်က ရရှိခဲ့ပါတယ်။ ဒါကိုကြည့်ရင် သူ ဘယ်လောက်တောင်မှ ကောင်းမွန်အောင်ကစားနိုင်လဲဆိုတာကို သုံးသပ်နိုင်မှာပါ။
ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးအတွက်ဆိုရင် အင်္ဂလန်ရဲ့ ပင်နယ်တီဧရိယာထိပ်နားမှာ ဖိုဒန်က ဘောလုံးရခဲ့ချိန် ကွင်းလယ်ကို သူ ပြေးတက်သွားတယ်၊ ဖိုဒန်ထိုးပေးလိုက်တဲ့ ဘောလုံးရယူပြီး တိုက်စစ်ကို ပြန်စတယ်။ တောက်လျှောက်ဆွဲပြေးသွားပြီးတော့ ပြိုင်ဘက်ခံစစ်ဇုန်ထဲအရောက်မှာ ရက်ရှ်ဖို့ဒ်ဆီ ထိုးပေးသွားတယ်။
အဲဒီလောက်နဲ့ မပြီးသေးဘူး။ ရက်ရှ်ဖို့ဒ်အတွက် ပိုပြီးလွယ်ကူအောင် သူ့ရဲ့ ဘောလုံးမရှိချိန်လှုပ်ရှားမှု (off the ball movements) တွေနဲ့ ပြိုင်ဘက်ခံစစ်သမားတွေကို အာရုံများအောင် လုပ်ပေးသွားတယ်။ ရက်ရှ်ဖို့ဒ်က အေးဆေးပဲ သွင်းသွားခဲ့တယ်။ ဒီဂိုးအတွက် အစအဆုံး သူက အားထုတ်ပေးခဲ့ပြီး ရက်ရှ်ဖို့ဒ်လည်း ဂိုးရအောင် ယူနိုင်ခဲ့ပါတယ်။