ယူနိုက်တက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ မနေ့က ထုတ်ပြန်လိုက်တဲ့ အင်္ဂလန်ရဲ့ ယူရိုပြိုင်ပွဲဝင် ဆန်ခါတင် လူစာရင်းမှာ ပါဝင်ခွင့်မရခဲ့ပေမယ့် အသင်းအောင်မြင်မှုရဖို့အတွက် ဆုတောင်းပေးခဲ့ပါတယ်။ ဆောက်ဂိတ်က ဂျာမနီမှာ ကစားမယ့် ယူရိုပြိုင်ပွဲအတွက် အင်္ဂလန်ရဲ့ ဆန်ခါတင် လူစာရင်းကို မနေ့က ထုတ်ပြန်ခဲ့တာပါ။
ဒီလူစာရင်းမှာ ရပ်ရှ်ဖို့ဒ်အပြင် ဘင်ချီဝဲလ်၊ ရီစီဂျိမ်းစ်၊ ဟန်ဒါဆန်၊ ဘန်ဝှိုက်တို့လို ကစားသမားတွေ မပါဝင်ခဲ့ပါဘူး။ ဒါ့အပြင် ဆန်ချိုလည်း ချန်လှပ်ခံခဲ့ရပြီး ရပ်ရှ်ဖို့ဒ် ချန်လှပ်ခံခဲ့ရတာက တကယ့်သတင်းဖြစ်ခဲ့ပါတယ်။
ဆောက်ဂိတ်ကတော့ “ရပ်ရှ်ဖို့ဒ်နေရာမှာ ကစားနေတဲ့ ကျန်ကစားသမားတွေက သူ့ထက် ပိုကောင်းတဲ့ ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီတော့ အဖြေကရှင်းပါတယ်” လို့ ရပ်ရှ်ဖို့ဒ်ကို မရွေးချယ်တဲ့အပေါ် ဖြေရှင်းသွားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံး ယူနိုက်တက်မှာလည်း ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။
ဒါ့အပြင် သူ့ရဲ့ ပျင်းတိပျင်းရွဲကစားပုံ၊ ဆိုက်ဒ်ပိနေတဲ့ဟန်ပန်တွေကြောင့် ပရိသတ်တွေရဲ့ ပြစ်တင်ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်ခဲ့ရတာပါ။ အခုလိုမျိုး အင်္ဂလန်ရဲ့ ဆန်ခါတင်လူစာရင်းမှာတောင် မပါဝင်ခဲ့တဲ့နောက် ရပ်ရှ်ဖို့ဒ်က “ဆောက်ဂိတ်နဲ့ ငါ့ကောင်တွေကို လာမယ့်ပြိုင်ပွဲအတွက် ဆုတောင်းပေးပါတယ်” လို့ ဆိုခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ဒီစာသားကို အင်္ဂလန်ရဲ့ ဆန်ခါတင်လူစာရင်းနဲ့အတူ သူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ တင်ထားခဲ့ပါတယ်။ ဆောက်ဂိတ်ရဲ့ ဆန်ခါတင်စာရင်းမှာ ခရစ္စတယ်ပဲလေ့စ်အတွက် ခြေစွမ်းပြနေတဲ့ အီဇီ၊ ယူနိုက်တက်လူငယ်ကြယ်ပွင့်လေး မိုင်နူးတို့တောင်မှ ပါဝင်လာခဲ့ပါသေးတယ်။