ဂေဟီကို လူပြန်ကပ်ခဲ့တာပါ။

အင်္ဂလန်လက်ရွေးစင် နောက်ခံလူ မက်ဂွိုင်းရားဟာ မနေ့ညက ယူကရိန်းနဲ့ ကစားခဲ့တဲ့ ယူရို - ၂၀၂၄ ခြေစစ်ပွဲမှာ အသင်းပေးလိုက်ရတဲ့ဂိုးအတွက် လှောင်ပြောင်ခံနေရပါတယ်။ ဒီပွဲမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။



ယူကရိန်းအတွက် ဦးဆောင်ဂိုးကို ပထမပိုင်း ပွဲကစားချိန် (၂၆) မိနစ်မှာ ဇင်ချန်ကိုက သွင်းယူခဲ့တာပါ။ ဒီဂိုးကို သွင်းယူချိန်မှာ မက်ဂွိုင်းရားက သူ့ရဲ့ တွဲဖက်နောက်ခံလူ ဂေဟီကို မှားယွင်း လူကပ်မိနေတာကို ရုပ်သံမှတ်တမ်းတွေအရ မြင်တွေ့ခဲ့ရပါတယ်။

မက်ဂွိုင်းရားဟာ နေရာယူပုံ လွဲမှားနေတဲ့အပြင် ဇင်ချန်ကိုရဲ့ ဂိုးကို တားဆီးဖို့ ကြိုးစားတဲ့နေရာမှာ အခုလိုပဲ ဂေဟီကို သွားပြီး ချုပ်ထားမိသလို ဖြစ်နေခဲ့တာပါ။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်မရဘဲ အင်္ဂလန်မှာ ပုံမှန်ရွေးချယ်ခံရတာကြောင့် ဝေဖန်ခံနေရတဲ့အပြင် အခုဖြစ်ရပ်ကြောင့်လည်း ထပ်မံ လှောင်ပြောင်ခံနေရပါတယ်။

အင်္ဂလန်အနေနဲ့ နောက်ခံလူ ဝေါ်လ်ကာရဲ့ ချေပဂိုးကြောင့် သရေတစ်မှတ်ရရှိခဲ့ပေမယ့် မက်ဂွိုင်းရားကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ လှောင်ပြောင်မှုတွေအောက်ကနေ မလွတ်မြောက်နိုင်ခဲ့ပါဘူး။ မက်ဂွိုင်းရားဟာ ယူနိုက်တက်တို့ စပါးကို ၁-၆ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာလည်း အလားတူ အမှားမျိုးကို ကျူးလွန်ခဲ့ဖူးပါတယ်။

အဆိုပါဂိုးမှာ မက်ဂွိုင်းရားက အသင်းဖော် လုခ်ရှောကို လူချင်းပူး၊ ဆွဲကပ်ခဲ့တာဖြစ်ပြီး စပါးရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရဖူးပါတယ်။ အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ကတော့ မက်ဂွိုင်းရားနဲ့ ပတ်သက်လို့ ဘယ်လိုပဲ ဝေဖန်မှုတွေရှိပါစေ၊ လက်ရွေးစင်အသင်းကြီးမှာ ပုံမှန်တစ်နေရာ ပေးထားဆဲဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က