ဆွန်ဟောင်မင်တယောက် ပရီးမီးယားလိဂ်မှာ မလေးမစားပြုမူခံနေရတာပါ။

စပါးရဲ့ တောင်ကိုရီးယားကြယ်ပွင့် ဆွန်ဟောင်မင်က အင်္ဂလန်မှာ သူ့ကိုယ်သူ သိမ်ငယ်သလိုမျိုး ခံစားရပြီး အာရှမှာတော့ အရမ်းပျော်ရွှင် သဘောကျရတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဒီကစားသမားဟာ ပရီးမီးယားလိဂ်မှာ ဆာလာနဲ့ ဂိုးသွင်းဘုရင်ဆုကို ပူးတွဲဆွတ်ခူးနိုင်ခဲ့ပေမယ့် လုံလောက်တဲ့ ချီးကျူးမှုမျိုး မရရှိခဲ့ဘူးလို့ ပရိသတ်တွေက ယူဆနေတာပါ။



ဒါ့အပြင် PFA တနှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ဆုမှာလည်း မပါဝင်ခဲ့သလို မနေ့ညက ထုတ်ပြန်လိုက်တဲ့ PFA တနှစ်တာအကောင်းဆုံးကစားသမား (၁၁) ယောက်စာရင်းမှာလည်း ရွေးချယ်ခံရခြင်းမရှိပါဘူး။ ဒါကို ဆွန်ဟောင်မင်ရဲ့ ပရိသတ်တွေက မကျေနပ်ကြသလို ဆွန်ဟောင်မင်ကိုယ်တိုင်ကလည်း မီဒီယာတွေ မဲပေးစရာမလိုတဲ့ဆုအတွက်သာ ကြိုးစားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီမတိုင်ခင်တည်းက ဆွန်ဟောင်မင်က “မီဒီယာတွေရဲ့အမြင်မှာ ကျနော်က လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မပြနိုင်ခဲ့တာမျိုး ဖြစ်ရင်ဖြစ်မှာပေါ့လေ။ ပရီးမီးယားလိဂ်ရဲ့တနှစ်တာအကောင်းဆုံး ကစားသမားဆု ဆန်ခါတင်စာရင်းမှာတောင် မပါဝင်ခဲ့တာ ကျနော် တော်တော်လေး စိတ်ပျက်ရပါတယ်။ အခုတော့ ကျနော် မဲစနစ်နဲ့မရွေးတဲ့ အကောင်းဆုံးဆုတွေအတွက်ပဲ ကြိုးစားပါတော့မယ်။ ရွှေဖိနပ်ဆုလိုမျိုးပေါ့”

“အဲ့ဒါဆိုရင် ခင်ဗျားတို့ ရွေးချယ်စရာမရှိဘဲ ကျနော့်ကို သေချာပေါက် ပေးရမှာပါ။ ဘာလို့လဲဆိုတော့ ကိန်းဂဏန်းတွေက ရှင်းလင်းပြတ်သားတဲ့ အခြေအနေမျိုးမို့လို့ပေါ့။ အင်္ဂလန်မှာဆို ကျနော် အရမ်းသိမ်ငယ်သလိုမျိုး ခံစားရပါတယ်။ ဒါပေမယ့် အာရှမှာတော့ ကျနော် အရမ်းပျော်ရွှင်ပြီး သဘောကျရပါတယ်။ ဒါပေမယ့် ကျနော့်အတွက်၊ အသင်း၊ နိုင်ငံလက်ရွေးစင်၊ မိသားစုနဲ့ပရိသတ်တွေအတွက် ကျနော် ကစားတာပါ”

“ဥရောပက မီဒီယာတွေ ကျနော့်ကို ကြိုက်ကြိုက်၊ မကြိုက် ကျနော် ဒီအတွက်ပဲ ကစားမှာပါ။ လာမယ့်ရာသီမှာလည်း ကျနော် ဒီအတိုင်းပါပဲ။ စိတ်ပျက်အားလျော့သွားမှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားနဲ့အတူ ပူးပေါင်းလျက်ရှိပြီး ဒီတပတ်အတွင်း ပါရာဂွေး၊ အီဂျစ်တို့နဲ့ ခြေစမ်းပွဲတွေ ကစားဖို့ရှိနေပါတယ်။ 

Share

Loading Next Article...
က္က