ချဲလ်ဆီးနဲ့မန်စီးတီးပရိသတ်တွေ ချန်ပီယံလိဂ်ပွဲအတွက် မက်ဒရစ်မြို့ကို ရောက်ရှိနေကြတာပါ။

ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနဲ့မန်စီးတီးတို့ရဲ့ ပရိသတ်တွေဟာ ချန်ပီယံလိဂ်ပွဲအတွက် စပိန်မြေကို ရောက်တုန်းရောက်ခိုက် ခိုက်ရန်ဖြစ်ပွားခဲ့ကြသေးတယ်လို့ သိရှိရပါတယ်။ ရောက်လေရာအရပ်မှာ ပြဿနာရှာနေကျ အင်္ဂလန်လူမျိုး ဘောလုံးပရိသတ်တွေက ဒီတခါမှာလည်း တိုက်တိုက်ဆိုင်ဆိုင် မက်ဒရစ်မြို့မှာ သွားဆုံနေကြတာပါ။



ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ချဲလ်ဆီးက ရီးရဲလ်မက်ဒရစ်နဲ့အဝေးကွင်း၊ မန်စီးတီးက အက်သလက်တီကိုနဲ့အဝေးကွင်းအဖြစ် သွားရောက်ရင်ဆိုင်ရတာဖြစ်ပါတယ်။ မနေ့ညက ချဲလ်ဆီးပွဲ ကစားပြီးခဲ့ပြီး ဒီကနေ့ညမှာတော့ မန်စီးတီးက အက်သလက်တီကိုနဲ့ ရင်ဆိုင်ရမှာပါ။

သူတို့အားပေးတဲ့အသင်းတွေကို အားပေးဖို့အတွက် တိုက်တိုက်ဆိုင်ဆိုင် မက်ဒရစ်မြို့ကိုရောက်ရှိနေတဲ့ မန်စီးတီးနဲ့ချဲလ်ဆီးပရိသတ်တွေဟာ တွေ့တာနဲ့ မလွတ်တမ်းရန်ပွဲဖြစ်ပွားခဲ့ပြီး အဓိကရုဏ်းရဲတပ်ဖွဲ့ရဲ့ လူစုခွဲနှိမ်နင်းခြင်းကို ခံခဲ့ရပါတယ်။ နှစ်ဖက်ပရိသတ်တွေဟာ စပိန်နိုင်ငံရဲ့မြို့တော် မက်ဒရစ်မြို့မှာရှိတဲ့ Plaza Mayor ရင်ပြင်မှာ ထိပ်တိုက်တွေ့ခဲ့ကြတာပါ။

နှစ်ဖက်ပရိသတ်တွေဟာ အရက်သေစာမူးယစ်သောက်စားထားတယ်လို့လည်း ယူဆရပါတယ်။ ဒါ့အပြင် ချဲလ်ဆီးပရိသတ်တွေဟာ မန်စီးတီးပရိသတ်တွေနဲ့ ခိုက်ရန်မဖြစ်ပွားခင်မှာ အေဘရာမိုဗစ်ချ်နဲ့ ပတ်သက်လို့ သူတို့အသင်းကို ပိတ်ဆို့အရေးယူခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်ကိုလည်း အော်ဟစ်ဆဲဆိုနေခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ ချဲလ်ဆီးပရိသတ်တွေနဲ့မန်စီးတီးပရိသတ်တွေ ထိပ်တိုက်တွေ့ကာ တဖက်နဲ့တဖက် အော်ဟစ်နောက်ပြောင်ရန်စရင်း သည်းမခံနိုင်တဲ့အဆုံးမှာတော့ ပစ္စည်းတွေနဲ့ ပစ်ပေါက်ကာ ရန်ပွဲအစပြုခဲ့တာပါ။ ဒါပေမယ့်လည်း မက်ဒရစ်မြို့က အဓိကရုဏ်းနှိမ်နင်းရေးရဲတွေဟာ နံပါတ်တုတ်နဲ့ဒိုင်းတွေကိုင်ပြီး ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့ပြီး လူစုခွဲခဲ့ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်နှစ်ပွဲအတွက် အင်္ဂလန်ကနေ မက်ဒရစ်မြို့ကို ရောက်ရှိလာတဲ့ ပရိသတ်အရေအတွက်က (၈) ထောင်ဝန်းကျင်ရှိတယ်လို့ သိရှိရပါတယ်။ အင်္ဂလန်ကလပ်တွေက ဘောလုံးပရိသတ်တွေအတွက် ဒီလိုမျိုးပြဿနာရှာတာ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ချဲလ်ဆီးပရိသတ်တွေဟာ ပြီးခဲ့တဲ့ ရှုံးထွက် (၁၆) သင်းအဆင့် အဝေးကွင်းပွဲအဖြစ် လိုင်လီအိမ်ကွင်းမှာ သွားကစားချိန်မှာလည်း ပြင်သစ်ရဲတွေနဲ့ ပြဿနာတက်ခဲ့ပြီး အခုတခါမှာတော့ စပိန်မြေကရဲတွေနဲ့ ပြဿနာဖြစ်ခဲ့တာပါ။ 

Share

Loading Next Article...
က္က