အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းရားဟာ စကော့တလန်ကို ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲမှာ ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ပါတယ်။ မက်ဂွိုင်းရားအတွက်တော့ ဒါက အင်္ဂလန်အတွက် ကစားပေးခဲ့တဲ့ နှစ်ပွဲဆက်တိုက် အမှားလုပ်မိခဲ့တာပါ။
ယူကရိန်းနဲ့ပွဲမှာလည်း မက်ဂွိုင်းရားက သူ့ရဲ့ အသင်းဖော် ဂေဟီကို မှားယွင်း လူကပ်မိတာကြောင့် ဇင်ချန်ကိုက လွတ်လွတ်ကျွတ်ကျွတ် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ အင်္ဂလန်တို့ ဝေါ်လ်ကာရဲ့ ချေပဂိုးကြောင့် တစ်ဂိုးစီသရေရလဒ်ရရှိခဲ့ပါတယ်။
အခုပွဲမှာလည်း မက်ဂွိုင်းရားက သူ့ရဲ့ထုံးစံအတိုင်းပဲ မရိုးရတဲ့ အမှားအယွင်းကို ပြုလုပ်မိခဲ့ပြီး ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အင်္ဂလန်က နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ထားချိန် ဒုတိယပိုင်း ပွဲကစားချိန် (၆၈) မိနစ်မှာ မက်ဂွိုင်းရားက ပြိုင်ဘက်စကော့တလန်က လီဗာပူးကစားသမား ရော်ဘတ်ဆန်ရဲ့ ဖြတ်တင်ဘောကို ဟန့်တားရင်း ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာဖြစ်ပါတယ်။
ယူကရိန်းနဲ့ပွဲမှာ ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဂေဟီနဲ့ တွဲဖက်ကစားခဲ့တဲ့ မက်ဂွိုင်းရားဟာ ဒီပွဲမှာ ဘရိုက်တန်နောက်ခံလူ လူးဝစ်ဒန့်ခ်နဲ့ တွဲကစားခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ အမှားအယွင်းတွေလုပ်လို့ အဆုံးမသတ်နိုင်သေးပါဘူး။ ပရိသတ်တွေကတော့ မက်ဂွိုင်းရားအနေနဲ့ ဘောလုံးပညာကို အခြေခံကနေစပြီး ပြန်လည်သင်ယူရတော့မယ်လို့ လှောင်ပြောင်နေကြပါတယ်။
ဒါ့အပြင် မက်ဂွိုင်းရားရဲ့ နောက်ဆုံးသွင်းဂိုးနှစ်ဂိုးက ဆီဗီလာနဲ့ စကော့တလန်တို့အတွက်ဖြစ်တယ်လို့လည်း နောက်ပြောင်နေကြပါတယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ မက်ဂွိုင်းရားနဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေကို ပယ်ချခဲ့ပြီး သူ့ရဲ့ ကစားသမားကို အကာအကွယ်ပေးသွားခဲ့ပါတယ်။