မနေ့ညက ကစားခဲ့တဲ့ စပိန်နဲ့ အီတလီတို့ရဲ့ ယူရိုအုပ်စုပွဲမှာတော့ စပိန်က အီတလီကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် စပိန်တို့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး အီတလီကတော့ နောက်ဆုံးပွဲအထိ စောင့်ကြည့်ရဦးမှာပါ။
ဒီပွဲမှာ စပိန်အတွက် ရာမဲလ်၊ ဝီလီယံစ်တို့က တိုက်စစ်ပိုင်းမှာ အထူးခြေစွမ်းပြခဲ့သလို ပီဒရီ၊ ရိုဒရီ၊ ဖာဘီယန်ရုဇ်တို့ရဲ့ကွင်းလယ်ကလည်း အီတလီကို ပွဲအစအဆုံး လွှမ်းမိုးခဲ့ပါတယ်။ နောက်တန်းက ကူကူရယ်လာရဲ့ တိုက်စစ်လိုက်ပါမှုတွေကလည်း တော်တော်လေး ကောင်းမွန်ခဲ့တာပါ။
အီတလီတိုက်စစ်က စပိန်ဂိုးသမားနဲ့ ခံစစ်ကို ကောင်းကောင်းတောင် မခြိမ်းခြောက်နိုင်ခဲ့ဘဲ ဂိုးတိုင်ထိတာတွေ၊ ဒွန်နာရမ်မာ လက်စွမ်းပြတာတွေကြောင့်သာ အီတလီတို့ ဂိုးပြတ်မရှုံးခဲ့တာဖြစ်ပါတယ်။ စပိန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကတော့ အီတလီ နောက်ခံလူ ကာလာဖီအိုရီရဲ့ Own Goal ကြောင့် ရရှိခဲ့တာပါ။
ဒုတိယပိုင်းမှာ ပွဲက ပိုမို အကြိတ်အနယ်ရှိလာခဲ့ပြီး နှစ်ဖက်ကစားသမားတွေအကြား ထိပ်တိုက်တွေ့တာတွေလည်း ရှိခဲ့ပါတယ်။ ချီးကျူးရမှာကတော့ စပိန်ရဲ့ ကစားပုံဖြစ်ပြီး အီတလီဘက်က ဖိအားပေးနေသည့်တိုင် အကောင်းဆုံး ရုန်းထွက်ပြီး ကစားကွက် တည်ဆောက်နိုင်ခဲ့တာပါ။
လူစားဝင်လာတဲ့ ဖာရန်တောရက်စ်၊ အယိုဇေပီရက်ဇ်၊ အိုယာဇဘယ်လ်တို့ကလည်း အီတလီခံစစ်ကို ဆက်တိုက် ဒုက္ခပေးနိုင်ခဲ့ပါတယ်။ အယိုဇေပီရက်ဇ် အပိုင်အခွင့်အရေး နှစ်ကြိမ်ကို အသုံးမချနိုင်ခဲ့တာကလည်း စပိန်တို့အတွက် နစ်နာခဲ့ရပါတယ်။