အမေရိကန်အသင်းခေါင်းဆောင်တိုင်လာအဒမ်စ်ကတော့ ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်ကို ရင်ဆိုင်ရတာထက် ပင့်ကူကို ရင်ဆိုင်ရမှာကို ပိုကြောက်မိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ လိဒ်ယူနိုက်တက်ကွင်းလယ်လူလည်း ဖြစ်တဲ့ အဒမ်စ်က ဒီနေ့ကစားရမယ့် အင်္ဂလန်နဲ့ပွဲမှာ အသင်းကို ထပ်မံဦးဆောင်လာဦးမှာဖြစ်ပါတယ်။
မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်ကစားသမားတွေအတွက် အင်္ဂလန်က ခြိမ်းခြောက်နိုင်လားလို့ မေးမြန်းခဲ့ရာမှာ သူက "အင်္ဂလန်က အသင်းကြီးတသင်းအဖြစ်ရှိနေတုန်းပါပဲ၊ ဒါပေမယ့် ခြိမ်းခြောက်နိုင်တဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ?' လို့ ပြန်လည်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။
"ပင့်ကူကလွဲရင် ကျနော့်ကို ခြိမ်းခြောက်နှောင့်ယှက်နိုင်တဲ့အရာတွေ အများကြီးရှိတယ်ဆိုတာမျိုး ကျနော် မပြောနိုင်ဘူး၊ ဒီတော့ ကျနော့်အတွက်ကတော့ အဆင်ပြေပါတယ်၊ ပရီးမီးယားလိဂ်မှာ ကျနော် သူတို့ရဲ့ နာမည်ကျော်ကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်၊ ဒါကြောင့် အရင်ကလည်း တွေ့ဖူးပြီးသားမို့ ဘာမှမဆန်းပါဘူး၊ ကျနော်တို့ လုပ်နိုင်စွမ်းဘယ်လောက်ရှိလဲဆိုတာကို ပြသချင်ပါတယ်"
"လက်ရှိမှာ အမေရိကန်ရဲ့ ဘောလုံးကလည်း လမ်းကြောင်းမှန်ပေါ်ရောက်ပြီး တိုးတက်နေပါပြီ" လို့ သူက ထပ်ပြောခဲ့ပါတယ်။ အမေရိကန်ဟာ အင်္ဂလန်နဲ့ပွဲမှာ အနည်းဆုံးသရေတမှတ်လောက်ရရှိထားမှသာ နောက်တဆင့်အတွက် မျှော်လင့်နိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် အင်္ဂလန်ကို အကောင်းဆုံးပုံစံနဲ့ ရင်ဆိုင်သွားမှာ သေချာသလောက်ရှိနေပြီး အင်္ဂလန်ကလည်း အနိုင်ရရင် နောက်တဆင့်တက်မှာဖြစ်လို့ အားကုန်ထုတ်မှာကြောင့် အကြိတ်အနယ်ဖြစ်လာမယ့်ပွဲလို့ မျှော်လင့်ရပါတယ်။