အလုံမြို့နယ် စာတိုက်မှတ်တိုင်နားမှာ ရောင်းချနေတဲ့ မူလလက်ဟောင်း ဆိတ်ကီးမား၊ ဆိတ်ကဗာဗ်ဆိုင်လေးက အခုဆို နှစ်ပေါင်း (၁၀၀) ကျော်တိုင် ရှိလာပြီး ရန်ကုန်မြို့ရဲ့ သက်တမ်းရင့် ဆိတ်ကီးမားဆိုင်လေး တစ်ခုလို့ ဆိုရမှာပါ။ ပထမအင်္ဂလိပ်ခေတ်ကတည်းက အဘိုးဖြစ်သူက စတင်ရောင်းချခဲ့တာဖြစ်ပြီး အခုလက်ရှိမှာတော့ မျိုးဆက် (၃) ဆက်မြောက်အထိ အဆင့်ဆင့်လက်ဆင့်ကမ်း ရောင်းချလာတဲ့ မိသားစု အမွေအနှစ်ဆိုင်လေးဖြစ်ပါတယ်။
ဓာတ်ပုံ : ထားထားဝေ
အလုံက မူလလက်ဟောင်း ဆိတ်သားကီးမားရဲ့ ရာဇဝင်
ဒီဆိုင်လေးကိုတော့ လက်ရှိရောင်းချနေသူရဲ့ အဘိုးဖြစ်သူက မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၊ ပထမအင်္ဂလိပ်လက်ထက်မတိုင်မီ ကတည်းက အလုံလမ်းထိပ်မှာ အိမ်ဆိုင်လေး ဖွင့်လှစ်ပြီး စတင်ခဲ့တာပါ။အဘိုးဖြစ်သူက အိန္ဒိယကနေ မြန်မာနိုင်ငံကို ရောက်လာခဲ့ပြီး အလုံမှာ ဆိတ်သားကီးမားအပါအဝင် အိန္ဒိယအစားအစာအချို့ကို ရောင်းချခဲ့တာပါ။ အဲဒီနောက်မှာ စစ်ဖြစ်လို့ ရှောင်တိမ်းရင်း နေရာမရှိတော့တဲ့အတွက် လှည်းလေးနဲ့ ဆိုင်ဖြစ်လာခဲ့ပါတယ်။ အဘိုးက လက်ရှိရောင်းချနေသူရဲ့ ဖခင်ကို ပညာအမွေလက်ဆင့်ကမ်းရာကနေ အခုထိ သားစဉ်မြေးဆက် အဆင့်ဆင့် လက်ဆင့်ကမ်းရောင်းချနေပေမယ့် အရသာကတော့ မူလအရသာကို ထိန်းထားဆဲလို့ လက်ရှိ ရောင်းချနေတဲ့ မျိုးဆက်က ပြောပါတယ်။
ဓာတ်ပုံ : ထားထားဝေ
" အဘိုးကနေ စတာ အခု ကျွန်တော့်အထိဆို နှစ်ပေါင်း ၁၀၀ ကျော်ပြီပေါ့။ ပထမ အင်္ဂလိပ်လက်ထက်မတိုင်မီကတည်းကဆိုတော့လေ။ အဘိုးက အိန္ဒိယကလာတော့ ဒါ ဟိုက လက်ရာပဲ ။ အဖေ့ကို ဒါတွေလက်ဆင့်ကမ်းသင်ပေးတော့ အဖေက ၁၂နှစ်သားကတည်းက ဆိုင်ကို ဦးစီးပြီး ရောင်းချခဲ့တာ အသက် ၇၀ မှ မျက်စိကြောင့် အနားယူတယ်။ အဖေအနားယူတော့မှ ကျွန်တော်က ဆက်ပြီး ဦးစီးရတာပေါ့။ ကျွန်တော်တို့က ညီအစ်ကို သုံးယောက်ရှိတယ် ကျွန်တော်က အငယ်ဆုံးဆိုတော့ ဒီပညာတွေကို နောက်ဆုံးမှ သေချာသင်ဖြစ်တာ ။ ဒါပေမယ့် ဆိုင်ကို ဆက်လုပ်တော့ ကျွန်တော်ပဲ လုပ်တယ် အစ်ကိုတွေက မလုပ်ကြဘူး။ အဖေ့နောက်မှာ ကျွန်တော်ရောင်းတာတော့ ၁၀နှစ်ကျော်ပြီ။ ဆိုင်ကို နာမည်လည်း ပေးမထားဘူး။ ဒါပေမယ့် စားသုံးသူတွေကပဲ သူတို့ရဲ့ သားသမီး ၊ မြေးတွေအထိ လက်ဆင့်ကမ်းရင်း လာစားတာလို့ " လက်ရှိရောင်းချနေသူက ဆိုပါတယ်။
မူလအရသာအတိုင်းမပြောင်းလဲတဲ့ လျှို့ဝှက်ချက်
ရောင်းချသူ ၊ စားသုံးသူတွေသာ မျိုးဆက်တွေ အလီလီပြောင်းသွားပေမယ့် အရသာမပြောင်းလဲတဲ့ ဒီဆိုင်လေးရဲ့ လျှို့ဝှက်ချက်ကတော့ ကိုယ်တိုင်လုပ် မဆလာပဲ ဖြစ်ပါတယ်။
" ကျွန်တော့ဟင်းလျာတွေမှာ ဟင်းသီးဟင်းရွက်ဆီပါတယ် ၊ ဆားပါတယ် ၊ ကျွန်တော်တို့ ကိုယ်တိုင်လုပ်တဲ့ မဆလာပါတယ်။ ဒါပဲ ။ အချိုမှုန့် အသားမှုန့် ဘာမှမပါဘူး။ အသားကြိတ်တယ် ၊ နှပ်တယ် ။ အသုံးပြုတဲ့အသားက လတ်တယ်။ တစ်နေ့စာ တစ်နေ့ပဲ ရေခဲသေတ္တာထဲလည်း မထားဘူး။ မဆလာက ပါဝင်ပစ္စည်းတွေဝယ်ပြီး ကိုယ်တိုင်လုပ်တာ အဘိုးလက်ထက်ကတည်းက နည်းပဲ ။ အမြဲတမ်း ဒီအရသာပဲ ။ ခေတ်အနေအထားအရ ဈေးတက်လို့လည်း စားသုံးသူက မငြီးဘူး။ ဒီလက်ရာကိုပဲ ထိန်းပေးထားပါလို့ ပြောကြတယ် ။ ပြီးတော့ အစားအစာကို ပလပ်စတစ်နဲ့ တိုက်ရိုက်မထုပ်ဘူး။ ဖက်ကလေးနဲ့ စက္ကူနဲ့ ထုပ်ပြီးမှ အိတ်ထဲထည့်တာ။ အဲဒါကိုလည်း လာစားတဲ့ ဆရာဝန်တွေကအစ သဘောကျကြတယ်" လို့ ရောင်းချသူက ဆိုပါတယ်။
ဓာတ်ပုံ : ထားထားဝေ
မျိုးဆက်ပြတ်နိုင်ချေရှိတဲ့ ဆိတ်ကီးမားဆိုင်လေး
အဘိုးလက်ထက်ကနေ အခုလက်ရှိရောင်းချနေသူအထိ မျိုးဆက် ၃ဆက် လက်ဆင့်ကမ်းခဲ့တဲ့ ဆိတ်ကီးမားဟာ ပညာအမွေပေးဖို့ မျိုးဆက်ပြတ်လုဆဲဆဲဖြစ်နေတယ်လို့ လက်ရှိရောင်းချသူက ဆိုပါတယ်။
"ကျွန်တော်က လူပျိုကြီးလေ။ ပညာလက်ဆင့်ကမ်းစရာ သားသမီးမရှိဘူး။ တူတူမတွေကလည်း ဒါကို စိတ်မဝင်စားကြဘူး။ဒီတော့ ဒီလက်ရာက ကျွန်တော့်နောက်မှာတော့ မျိုးဆက်ပြတ်မလိုဖြစ်နေတယ်" လို့ ရောင်းချသူက ဆိုပါတယ်။
ဓာတ်ပုံ : ထားထားဝေ
မူလလက်ဟောင်း ဆိတ်ကီးမား ဆိတ်ကဗာဗ်ကို စားကြည့်ချင်သူတွေအတွက် လမ်းညွှန်
ဒီဆိုင်လေးမှာ မူလလက်ဟောင်း ဆိတ်ကီးမား ဆိတ်ကဗာဗ်အပြင် အခု ကြက်သားနဲ့ပါ ရရှိနိုင်ပါတယ်။ မူလ လက်ဟောင်း ဆိတ်ကီးမား ၊ ဆိတ်ကဗာဗ်တွေကတော့ မြန်မာနိုင်ငံမှာ ဆိုင်ခွဲမရှိပေမယ့် ထိုင်း ၊ မလေးရှား ၊ စင်ကာပူအထိ အော်ဒါတွေ အမြဲပို့နေရတယ်လို့ ဆိုပါတယ်။
" ဆိတ်သားအပြင် ကြက်သားကတော့ ကျွန်တော့်ကျမှ ရောင်းတာ။ ပွဲရေကတော့ ကီးမာဆို ပွဲ ၇၀ ၊ ကဗာဗ်ဆို ၅၀ လောက်ပဲ ကန့်သတ်ထားတယ်။ ဆိုင်က ညနေ ၃နာရီလောက်နေ ည၉နာရီလောက်အထိ ဖွင့်ပါတယ်။ ဟိုးအရင်ကတော့ ညဆို ၁နာရီလောက်အထိ ရောင်းတော့ ပွဲရေ ပိုများတာပေါ့။ အခုတော့ လျှော့ထားရတယ်။ မနက်ပိုင်းတွေမှာတော့ အော်ဒါတွေပို့ဖို့ လုပ်တယ်။ အော်ဒါမှာချင်ရင် ဖုန်းဆက်ပြီး ရက်ကြိုပြောပေးလို့ ရပါတယ်။ အခုလက်ရှိတော့ ထိုင်း ၊ မလေးရှား ၊ စင်္ကာပူအထိ အော်ဒါတွေပို့ပေးနေရပါတယ် " လို့ ဆိုပါတယ်။
မူလလက်ဟောင်း ဆိတ်ကီးမား ၊ ဆိတ်ကဗာဗ်ဆိုင်လေးကိုတော့ အလုံစာတိုက်မှတ်တိုင် ၊ အောက်ကြည့်မြင်တိုင်လမ်းမကြီးပေါ်မှာ လှည်းလေးနဲ့ ဖွင့်လှစ်ရောင်းချနေတာပါ။ ဆိတ်ကီးမား ၂၇၀၀ကျပ် ၊ ဆိတ်ကဗာဗ် ၅၀၀၀ ကျပ် ၊ ကြက်ကီးမား ၂၂၀၀ကျပ် ၊ ကြက်ကဗာဗ် ၃၀၀၀ ကျပ်ဖြစ်လို့ စားသုံးသူတွေအနေနဲ့ တစ်ရက်လောက် သွားရောက်မြည်းစမ်းကြည့်နိုင်ဖို့ Duwun က ညွှန်ပေးလိုက်ပါတယ်နော်။
ဓာတ်ပုံ : ထားထားဝေ