In partnership with  logo
Handmade Earring သီးသန့်ဆိုင်ကလေးဖွင့်ထားတာပါ။

ကိုဗစ်ကာလမှာ လူတော်တော်များများက အသက်မွေးဝမ်းကြောင်းကို ပြောင်းလဲလိုက်ရတာမျိုးတွေရှိပါတယ်။ ဒီထဲကမှ အင်္ဂလိပ်စာဆရာမဘဝကနေ  Handmade လောကထဲ ဝင်ရောက်သွားသူတစ်ယောက်အကြောင်း ပြောပြပေးချင်ပါတယ်။ အရင်းအနှီးနည်းနည်းလောက်နဲ့ အပျော်စတင်ခဲ့ရာကနေ ခုဆို  Handmade Earring ချစ်သူတွေ ကျေနပ်လောက်တဲ့ ကွာလတီအရည်အသွေးမီ ထုတ်ကုန်လေးတွေကို ရောင်းချနေတဲ့ ဆိုင်လေးတစ်ဆိုင် ပိုင်ဆိုင်နေပါပြီ။ သူ့နာမည်ကတော့ ဟေဇယ် လို့ခေါ်တဲ့ မ နန်းယိင်းကျောက်ဟွမ်ပဲဖြစ်ပါတယ်။ 




အရင်းအနှီးသုံးသိန်းနဲ့ စတင်ခဲ့တဲ့ ဆိုင်ကလေး 


၂၀၁၉ နိုဝင်ဘာလောက်က ရိုးရာပွဲလေးတစ်ခုမှာ  Handmade တွေရောင်းဖို့ စတင်ရာကနေ ခုလို ဆိုင်တစ်ဆိုင်ဖွင့်နိုင်တဲ့ အခြေအနေဖြစ်လာတာဖြစ်ပါတယ်။ အရင်းအနှီး သုံးသိန်းဝန်းကျင်နဲ့ စတင်ခဲ့ပြီးနောက် ခုလိုအနေအထားတစ်ခုအဖြစ် ရပ်တည်နိုင်လာခဲ့တာလို့ ဆိုင်ရှင် မဟေဇယ်က ဆိုပါတယ်။ 

“အစတုန်းကတော့ ပွဲမှာ သုံးသိန်းဝန်းကျင်နဲ့ စပြီးတော့ ရောင်းခဲ့တယ်။ အဲဒီတုန်းက earring လေးတွေပါမယ် ၊ bracelet လေးတွေပါမယ်၊ Handmade လေးတွေပါတယ်။ အစုံပဲ။ လွယ်အိတ်လေးတွေလည်း ပါတယ်။ Handmade နဲ့ ပတ်သက်တာတွေများတယ်၊ ဘာလို့လဲဆိုတော့ ပွဲမှာက ရိုးရာပွဲလေးဖြစ်တဲ့အတွက်ကြောင့်မို့ အဲဒါလေးတွေ အစုံတင်ပြီးရောင်းတာ သုံးသိန်း ဝန်းကျင်လေးသိန်းပေါ့။ အဲဒီကနေ စပြီးတော့မှ ဆက်ပြီးလုပ်ဖြစ်သွားတာပေါ့။” 



အားပေးသူတွေကြောင့် ဆက်တိုက်ဆိုသလိုလုပ်ဖြစ်ခဲ့ 


ရိုးရာပွဲကနေ စတင်ပြီး အားပေးသူတွေ ဆက်တိုက်ရခဲ့ပြီးတဲ့နောက်မှာတော့ ဆိုင်ရဲ့ နေရာ ၊ ဆိုရှယ်ပေ့ချ်တွေ ကို လာရောက်ဝယ်ယူချင်လို့ မေးမြန်းသူတွေ တစ်စတစ်စ ရလာချိန်မှာတော့ Handmade Earring တွေကို ပြုလုပ်ရောင်းချဖို့ အားတွေ ရရှိလာခဲ့ပါတယ်။ 


အင်္ဂလိပ်ဆရာမအလုပ်ကနေ Handmade Earring ဆိုင်ဖွင့်လိုက်သူ မဟေဇယ် 


ဒီလို Handmade Earring ဆိုင်မဖွင့်ခင်ကာလတုန်းကတော့ မဟေဇယ်ဟာ အင်္ဂလိပ်ဆရာမဖြစ်ပါတယ်။ Strategy First မှာ လူကြီးတွေကို Professional English နဲ့ Cambridge Exam တွေသင်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ ကိုဗစ်ကာလရောက်လာချိန်မှာတော့ စာသင်ကြားမှု ခဏရပ်တန့်နေချိန်မှာ ဝါသနာပါရာ Handmadeတွေကို စတင်လုပ်ကိုင်လာတာဖြစ်တယ်လို့ သိရပါတယ်။ 

“ကိုဗစ်ဖြစ်ပြီးတော့ ကလေးကလည်း ငယ်ငယ်လေးဆိုတော့ စာကလည်းမသင်ရတော့ ဟေဇယ်တို့ side business ဖြစ်တဲ့ Handmade ကို ပိုပြီး အချိန်ပေးဖြစ်တာပေါ့။ ကိုဗစ်ကာလက အပြင်လည်း မထွက်ရတော့ Handmade လုပ်လိုက် ၊ ပုံလေးတင်လိုက် ၊ ရောင်းလိုက် လုပ်လာရာကနေပြီးတော့မှ ခုအခြေအနေထိ ရောက်လာပါတယ်။”  




ခင်ပွန်းသည်ရဲ့ အကူအညီတွေလည်း အများကြီးရခဲ့သူ 


မဟေဇယ်ရဲ့ ခင်ပွန်းသည်ကတော့ သွားဆရာဝန်တစ်ယောက်ဖြစ်ပြီး မနက်ခင်းပိုင်းတွေမှာ သွားဆေးခန်းထိုင်သလို ညနေပိုင်းတွေမှာတော့ Handmade Earring ဆိုင်လေးမှာ ဝင်ကူပေးတယ်လို့ ဆိုပါတယ်။ Handmade Earring ရဲ့ ပုံထွက်ကောင်းလှလှလေးတွေကတော့ ခင်ပွန်းသည်ရဲ့ လက်ရာဖြစ်သလို တချို့ Customer တွေကြား လူကြိုက်များခဲ့တဲ့ ဒီဇိုင်းတချို့ကိုလည်း ခင်ပွန်းသည်ကိုယ်တိုင် ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ 


အခက်အခဲတွေလည်း ကြုံတွေ့ခဲ့ရ 


Hazel Handmade Collection ဆိုင်ကလေးအတွက် အကြီးမားဆုံး အခက်အခဲကတော့ ကုန်ကြမ်းဝယ်ယူရာမှာ ကြုံတွေ့ခဲ့ရတာပါ။ ကွာလတီမကောင်းတဲ့ ကုန်ကြမ်းတွေ အကြိမ်ကြိမ်မိခဲ့တာ ၊ စိတ်ချရတဲ့ကုန်ကြမ်းဆိုင် ရှာမတွေ့ခဲ့တာက သူ့တို့အတွက် အကြီးမားဆုံး အခက်အခဲဖြစ်ခဲ့ပါတယ်။ 

“ကိုယ်ကလည်း အတွေ့အကြုံတအားမများသေးဘူး။ ကုန်ကြမ်းကွာလတီနဲ့ပတ်သက်ပြီးတော့ အရမ်းနားမလည်သေးဘူး။ ဘာလို့ဆို ကိုယ်ကလေ့လာတုန်းကာလလို့ ပြောလို့ရတယ်ပေါ့နော်။ အဲဒီမှာ ဟေဇယ်တို့ ကုန်ကြမ်းတွေဆိုရင် တချို့သူတွေက 14k တို့ 925 တို့ 18k တို့ ပြောရောင်းတဲ့ Supplier တွေရှိတယ်။ ဒါပေမယ့် ရောက်လာတဲ့ ကွာလတီက သူတို့ပြောသလိုမျိုး မကောင်းတဲ့ အခါကျတော့ ဟေဇယ်တို့က လုပ်တော့လုပ်လိုက်တယ်၊ လုပ်လိုက်ပြီး စမ်းသပ်တယ်။ လုပ်လိုက်တယ်၊ ဒါပေမယ့် ပစ္စည်းတွေက ခဏလေးနဲ့ အရောင်ပြောင်းသွားတာမျိုးတွေ ကြုံခဲ့တယ်။ အများကြီးကြုံခဲ့ဖူးတယ် ဆိုတော့ စိတ်ချရတဲ့ Supplier မရှိတဲ့အခက်အခဲတွေတော့ အများကြီး ကြုံခဲ့ဖူးတယ်။ တော်တော်များများလည်း စမ်းဖူးတယ် ၊ တော်တော်များများ အစုံဝယ်ဖူးတယ်ပေါ့။ ဝယ်ဖူးတဲ့ အခါကျတော့ ခုနောက်ပိုင်း ဟေဇယ်သုံးတဲ့  14k တို့ 925 တို့ 18k တို့ ဆိုတာ တကယ်ကို ကွာလတီလည်း ကောင်းတယ် ပစ္စည်းလည်း မှန်တယ်။ ကာစတမ်မာကိုလည်း ပိုကောင်းတဲ့ ကွာလတီတွေ ပေးနိုင်လာတယ်။”  



တဖြေးဖြေး ပိုသက်ဝင်ပျော်ရွှင်လာတဲ့ဝါသနာ 


ကိုဗစ်ကာလ အလုပ်တွေပါးချိန်မှာ စတင်ခဲ့တဲ့ ဝါသနာလေးတစ်ခုဟာ တဖြေးဖြေး အကောင်အထည်ကြီးမားလာပြီး Handmadeတွေလုပ်နေချိန်၊ ဒီဇိုင်းသစ်တွေထုတ်နေချိန်၊ ဝယ်သူတွေရဲ့ ကျေနပ်စရာတုံ့ပြန်ချက်တွေ ရရှိချိန်မှာတော့ အပျော်ကြီးပျော်ခဲ့ရပါတယ်လို့ ဆိုပါတယ်။ 

“Handmade လုပ်တဲ့အချိန်တွေဆိုပျော်တယ်။ ပျော်တယ်ဆိုတာကလေ ဒီအလုပ်ကလည်း ကိုယ်ဝါသနာပါရာကနေ လုပ်လိုက်တဲ့ အလုပ်ကလေးပေါ့။ Handmade လုပ်ရင်းနဲ့   passionate  ဖြစ်လာတယ်၊ ဒီအလုပ်လုပ်ရတာ ပျော်တယ်။ နောက်ပိုင်းမှ တွေ့တဲ့ passion တစ်ခုပေါ့။ နောက် Customer တွေကို ဒီဇိုင်းလှလှလေးတွေ ဖန်တီးပေးရတာကို ပိုပျော်လာတယ်။ Customer တွေက ကိုယ့် Product လေးကို သဘောကျတယ်ဆိုရင် ကိုယ်က အားရှိတယ်၊ အသစ်လေးတွေ ထပ်လုပ်ဖို့ကလည်း အားတွေအများကြီး ထပ်ရလာခဲ့တယ်။ Handmade လုပ်တိုင်းပျော်တယ်၊ တစ်ခါနဲ့တစ်ခါ ဒီဇိုင်းအသစ်လေးတွေ လုပ်တဲ့အချိန်ဆို ပိုပျော်တယ်။” 



Handmade Earring သီးသန့်ဖွင့်ထားတဲ့ဆိုင် 


Hazel Handmade Collection ဆိုင်လေးဟာဆိုရင်တော့ Handmade Earring တွေချည်းသာ သီးသန့်ဖွင့်လှစ်ထားတဲ့ဆိုင်ကလေးဖြစ်ပါတယ်။ အမျိုးအစားပေါင်း ၈ မျိုးရှိပြီး Beaded earring တွေ၊ clay earring ၊ wood earrings၊ rattan earrings လေးတွေရှိတယ်၊ ပုလဲလေးတွေရှိတယ်။ cotton earrings ၊ drag earringsတို့ အဲဒါလေးတွေ တော်တော်များများတွေ လုပ်ဖြစ်တယ်လို့ သိရပါတယ်။ 


Handmade Earringတွေကိုလည်း ကြိုက်နှစ်သက်တယ်၊ Local Brand ကွာလတီကောင်းကောင်းကို ပန်ဆင်ချင်တယ်ဆိုရင်‌တော့ လမ်း၅၀ ၊ လမ်း ၅၀ ကွန်ဒို ပထမထပ်မှာ ဖွင့်လှစ်ထားတဲ့ Hazel Handmade Collection မှာ သွားရောက်အားပေးနိုင်ပါကြောင်း သတင်းစကားပါးလိုက်ပါရစေ။

Share

Loading Next Article...
က္က