တရားမဝင် ချက်လုပ်ရောင်းချတဲ့ အရက်ပုန်းများ သောက်ကြရာမှ အဆိပ်သင့် သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

အီရန်မှာ အရက်သောက်ခြင်းဖြင့် COVID-19 ရောဂါဗိုင်းရပ်စ် ကာကွယ်နိုင်ကြောင်း ကောလာဟလ အကြံပြုချက်အမှားကို ယုံကြည်ကြပြီး တရားမဝင် ချက်လုပ်ရောင်းချတဲ့ အရက်ပုန်းများ သောက်ကြရာမှ အဆိပ်သင့် သေဆုံးသူအရေအတွက် ၄၄ ဦးအထိ မြင့်တက်လာကြောင်း နိုင်ငံပိုင်သတင်းဌာန IRNA က ပြောပါတယ်။

(Photo: EPA-EFE)

ကူဇက်စတန် (Khuzestan) နဲ့ အယ်လ်ဘော့ဇ် (Alborz) ပြည်နယ်တွေမှာ အရက်ပုန်းသောက်ပြီး အဆိပ်သင့်မှုကြောင့် လူသေဆုံးမှုတွေ ဖြစ်ပွားခဲ့ကြောင်း တနင်္လာနေ့ (မတ်လ ၉ ရက်) မှာ အီရန်သတင်းဌာနတွေက ကနဦး ဖော်ပြခဲ့ကြပါတယ်။



"ကူဇက်စတန်ပြည်နယ် Ahwaz မြို့မှာ လူအချို့က အရက်သောက်ရင် ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် ကာကွယ်နိုင်တယ်လို့ ကြားခဲ့ကြတယ်၊ ဒါနဲ့ပဲ သူတို့က ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အရက်သောက်ခဲ့ကြတယ်" လို့ Ahwaz University of Medical Sciences ရဲ့ ပြောခွင့်ရအမျိုးသား Ali Ehsanpour က တီဟီရန်မြို့အခြေစိုက် Mehr News Agency သတင်းဌာနကို ပြောပါတယ်။

(Photo: Reuters)

အရက်ပုန်းအဆိပ်သင့်ပြီး သေဆုံးမှုတွေအနက် အီရန်အနောက်တောင်ပိုင်း ကူဇက်စတန်ပြည်နယ်မှာ အများဆုံးဖြစ်ခဲ့ပြီး မတ်လ ၉ ရက်နေ့မှာ ၁၆ ဦးမှ မတ်လ ၁၀ ရက်နေ့မှာ ၃၆ ဦးသို့ မြင့်တက်လာခဲ့ကြောင်း IRNA က ပြောပါတယ်။ ကူဇက်စတန်မှာ အရက်ပုန်းသောက်ပြီး အဆိပ်သင့် သေဆုံးသူမှုဟာ COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုထက် ပိုများနေခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြပါတယ်။

အရက်ပုန်းအဆိပ်သင့်မှုကြောင့် အီရန်မြောက်ပိုင်း အယ်လ်ဘော့ဇ်ပြည်နယ်မှာ နောက်ထပ် ခုနစ်ဦးနဲ့ အနောက်ပိုင်းရှိ ကာမန်ရှာဟ်ပြည်နယ်မှာလည်း တစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အီရန်မှာ မွတ်စလင်မ်မဟုတ်ဘူ လူနည်းစုကလွဲပြီး လူတိုင်းကို အရက်သောက်ခွင့် တားမြစ်ပိတ်ပင်ထားပါတယ်။ သို့သော် တရားမဝင် အရက်ပုန်းသောက်ပြီး အဆိပ်သင့်သေဆုံးမှု ဖြစ်ရပ်တွေကို အီရန်မီဒီယာတွေက ပုံမှန်ဖော်ပြလေ့ရှိပါတယ်။

(Photo: Adel Hana)

အီရန်ဟာ တရုတ်ပြည်မကြီးပြီးလျှင် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံများအနက် ပါဝင်နေပါတယ်။ မတ်လ ၁၀ ရက် ညပိုင်းအထိ တရားဝင် စာရင်းတွေအရ အီရန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈,၀၄၂ ဦးနဲ့ သေဆုံးသူ ၂၉၁ ဦးအထိ မြင့်တက်လာပါတယ်။ အီရန်နိုင်ငံရဲ့ ပြည်နယ် ၃၁ ခုလုံးမှာ ဗိုင်းရပ်စ်ကူးစက်မှုများ စစ်ဆေးတွေ့ရှိထားတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က