အီရန်နိုင်ငံမှာ COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် အနည်းဆုံး လူ ၂၁၀ BBC သတင်းက ဖော်ပြထားပါတယ်။
(Photo: Reuters)
အီရန်အစိုးရက တရားဝင် ထုတ်ပြန်ထားမှုနဲ့ များစွာကွာဟနေတဲ့ အဆိုပါ သေဆုံးသူအရေအတွက်ကို ဆေးရုံသတင်းရင်းမြစ်တွေက BBC Persian ရေဒီယိုနဲ့ ရုပ်မြင့်သံကြားသတင်းဌာနကို ပြောခဲ့တယ်လို့ BBC က ဆိုပါတယ်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများစုဟာ အီရန်မြို့တော် တီဟီရန်မြို့နဲ့ ဗိုင်းရပ်စ်ကူးစက်မှု ပထမဆုံး တွေ့ရှိခဲ့ရတဲ့ Qom မြို့တို့မှ ဖြစ်တယ်လို့လည်း သိရပါတယ်။
BBC Persian က ဆေးရုံသတင်းရင်းမြစ်များထံမှ သိရှိခဲ့ရတဲ့ သေဆုံးသူအရေအတွက်ဟာ အီရန်ကျန်းမာရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီ ၂၈ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ထားတဲ့ သေဆုံးသူ ၃၄ ဦးထက် ခြောက်ဆအထိ ပိုမိုများပြားနေပါတယ်။ အီရန်ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသား Kianoush Jahanpour ကတော့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် ထုတ်ပြန်ရာမှာ ပွင့်လင်းမြင်သာမှုရှိကြောင်းနဲ့ BBC က လိမ်ညာသတင်းဖြန့်နေကြောင်း စွပ်စွဲခဲ့ပါတယ်။
(Image: BBC webpage screengrab)
Qom မြို့မှ လွှတ်တော်အမတ်တစ်ဦးက အာဏာပိုင်တွေဟာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုတွေကို ဖုံးကွယ်ထားကြောင်းနဲ့ အမေရိကန်ကလည်း အီရန်ဟာ ဗိုင်းရပ်စ်ကိစ္စ သတင်းအချက်အလက်များ မျှဝေဖွယ်မရှိခြင်းကို စိုးရိမ်ကြောင်းပြောခဲ့ပြီးနောက် BBC ရဲ့သတင်း ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
အမေရိကန်က ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ပတ်သက်ပြီး အကူအညီပေးမယ်လို့ အီရန်ကို ကမ်းလှမ်းခဲ့ပေမဲ့ လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။ ဖေဖေါ်ဝါရီ ၂၈ ရက် ညပိုင်းအထိ အီရန်က တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၈၈ ဦးနဲ့ သေဆုံးသူ ၃၄ ဦးဖြစ်ကြောင်းလည်း သိရပါတယ်။
ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ရောဂါဗိုင်းရပ်စ်ကြောင့် ဖေဖေါ်ဝါရီ ၂၈ ရက် ညပိုင်းအထိ တရားဝင် စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ ၂,၇၈၈ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက် ၂,၈၆၉ ဦးအထိ မြင့်တက်လာပါတယ်။
ဖေဖေါ်ဝါရီ ၂၈ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၇၈,၈၂၄ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၃,၈၃၂ ဦးရှိပြီး ပြန်လည်သက်သာလာသူ ၃၆,၆၈၆ ဦးရှိခဲ့ပါတယ်။ COVID-19 ဗိုင်းရပ်စ်ကူးစက်မှု တစ်ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်သတိပေးချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က အမြင့်ဆုံးအဆင့်အဖြစ် ဖေဖေါ်ဝါရီ ၂၈ ရက်မှာ တိုးမြှင့်သတ်မှတ်လိုက်ကြောင်းလည်း သိရပါတယ်။