ခပ်ခွာခွာနေရမယ့် စည်းမျဥ်းတွေကို လိုက်နာမှုမရှိကြောင်းလည်း နိုင်ငံပိုင်ရုပ်သံက သတိပေးခဲ့ပါတယ်။

အီရန်မှာ COVID-19 ကြောင့် ခုနစ်မိနစ်လျှင် လူတစ်ဦးနှုန်း သေဆုံးနေကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းဌာနက ဩဂုတ် ၃ ရက်နေ့မှာ ပြောပါတယ်။

(Photo: Reuters)

အီရန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင် စာရင်းတွေအရ COVID-19 ကြောင့် နောက်ထပ် ၂၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပြီး ခပ်ခွာခွာနေရမယ့် စည်းမျဥ်းတွေကို လိုက်နာမှုမရှိကြောင်း နိုင်ငံပိုင်ရုပ်သံက သတိပေးခဲ့ပါတယ်။ ဩဂုတ် ၃ ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသား Sima Sadat Lari က ပြောကြားမှုအရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၂၁၅ ဦး တိုးလာခဲ့ကာ အီရန်မှာ COVID-19 ကြောင့် သေဆုံးသူစုစုပေါင်း ၁၇,၄၀၅ ဦးရှိလာကြောင်း သိရပါတယ်။



ထို့အတူ ကူးစက်ခံရသူ ၂,၅၉၈ ဦး တိုးလာခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၃၁၂,၀၃၅ ဦးသို့ မြင့်တက်လာခဲ့ကြောင်းလည်း ၎င်းကပြောပါတယ်။ နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ပြသူမှုအရ တီဟီရန်မြို့တော်ရှိ အသွားအလာများပြားတဲ့ လမ်းမတစ်ခုမှာ mask တပ်မထားဘဲ သို့မဟုတ် ခပ်ခွာခွာမနေကြဘဲ သွားလာနေသူတွေကို တွေ့ခဲ့ရပါတယ်။

(Photo: Getty Images)

အီရန်မှာ COVID-19 ကူးစက်မှုနဲ့သေဆုံးမှု တရားဝင် ကိန်းဂဏန်းတွေရဲ့ တိကျမှန်ကန်မှုအပေါ် ကျွမ်းကျင်သူအချို့က သံသယရှိကြပါတယ်။ အီရန်လွှတ်တော်ရဲ့ သုတေသနဌာနက ဧပြီလအတွင်း ပြုစုခဲ့တဲ့ အစီရင်ခံစာတစ်ခုကလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေဟာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အရေအတွက်ထက် နှစ်ဆနီးပါးအထိ ပိုများနိုင်ကြောင်း ပြောထားခဲ့ပါတယ်။

အီရန်မှာ တရားဝင် ထုတ်ပြန်နေတဲ့ COVID-19 ကိန်းဂဏန်းတွေဟာ ဆေးရုံတွေမှာ သေဆုံးမှုအရေအတွက်နဲ့ COVID-19 ရှိကြောင်း စစ်ဆေးတွေ့ရှိထားပြီးသူ အရေအတွက်ပေါ်မှာသာ အခြေခံထားကြောင်း ထိုအစီရင်ခံစာက ထောက်ပြခဲ့ပါတယ်။ အီရန်မှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အခြေအနေအပေါ် BBC သတင်းဌာနကလည်း အမည်မဖော်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး သိသာစွာ ကွာခြားချက်တွေရှိနေကြောင်း တနင်္လာ‌နေ့ (ဩဂုတ် ၃ ရက်) မှာ ဖော်ပြလာခဲ့ပါတယ်။

BBC Persian က စုံစမ်းထောက်လှမ်းမှုအရ အီရန်မှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ တရားဝင် ထုတ်ပြန်ထားမှုထက် သုံးဆနီးပါး ပိုများတယ်လို့ ဆိုပါတယ်။ အီရန်အစိုးရရဲ့ မှတ်တမ်းအချက်အလက်တွေအရ ဇူလိုင် ၂၀ ရက်နေ့အထိ COVID-19 ရောဂါလက္ခဏာများဖြင့် သေဆုံးသူ ၄၂,၀၀၀ ရှိခဲ့ကြောင်း ဖော်ပြထားခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သေဆုံးသူအရေအတွက် ၁၄,၄၀၅ ဦးထက် သုံးဆနီးပါး ပိုများနေခဲ့ပါတယ်။

အီရန်အစိုးရရဲ့ အချက်အလက်ပေါက်ကြားမှုအရ ကူးစက်ခံရသူဦးရေဟာလည်း ၄၅၁,၀၂၄ ဦးရှိကြောင်း သိရှိခဲ့ရပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင်စာရင်းဖြစ်တဲ့ ၂၇၈,၈၂၇ ဦးထက် နှစ်ဆနီးပါး ပိုများနေခဲ့ကြောင်း BBC က ဖော်ပြပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင် ကိန်းဂဏန်းများအရလည်း အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံး ကြုံတွေ့ရတဲ့နိုင်ငံ ဖြစ်နေဆဲလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က