တစ်လကျော်အတွင်း မက်သနောပါတဲ့အရက် အဆိပ်သင့်မှုကြောင့် လူ ၇၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကုသပျောက်ကင်းနိုင်တယ်လို့ မှားယွင်းယူဆပြီး အဆိပ်သင့် မက်သနောပါဝင်တဲ့ အရက်သောက်သုံးမှုကြောင့် တစ်လကျော်အတွင်း လူ ၇၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: AP)

အီရန် သေမှုသေခင်းဌာက ပြောကြားမှုအရ ဖေဖေါ်ဝါရီ ၂၀ ရက်နဲ့ ဧပြီ ၇ ရက်ကြားမှာ မက်သနောပါဝင်တဲ့ အရက်အဆိပ်သင့်မှုကြောင့် လူ ၇၂၈ ဦး သေဆုံးခဲ့တယ်လို့ Al Jazeera သတင်းက ဖော်ပြပါတယ်။ ယမန်နှစ်အတွင်းမှာတော့ အီရန်မှာ အရက်အဆိပ်သင့်မှုကြောင့် လူ ၆၆ ဦး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။



အီရန်ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသား Kianoush Jahanpour ရဲ့ အဆိုအရ လူ ၅,၀၁၁ ဦးဟာ မက်သနောပါတဲ့ အရက်အဆိပ်သင့်မှုဖြစ်ခဲ့ပြီး လူ ၉၀ ခန့် မက်သနောကြောင့် မျက်စိကွယ်ခြင်း သို့မဟုတ် မျက်စိထိခိုက်ပျက်စီးခြင်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မက်သနောပါတဲ့ အရက်အဆိပ်သင့်မှုကြောင့် မျက်စိကွယ်သူ နောက်ဆုံးအရေအတွက်ဟာ ပိုမိုများပြားနိုင်ကြောင်း ကျန်းမရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Hossein Hassanian ပြောပါတယ်။

(Photo: Reuters)

အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ COVID-19 ကပ်ရောဂါ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဆုံး နိုင်ငံဖြစ်ပြီး ယနေ့ (ဧပြီ ၂၈ ရက်) ညပိုင်းအထိ ကူးစက်ခံရသူ ၉၂,၅၈၄ ဦးရှိပြီး ၅,၈၇၇ ဦး သေဆုံးခဲ့ကြောင်းနဲ့ ပြန်လည်သက်သာသူ ၇၂,၄၃၉ ဦးဖြစ်ကြောင်း သိရပါတယ်။ အီရန်မှာ ပြီးခဲ့တဲ့နှစ်အတွင်း အရက်အဆိပ်သင့်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ယခင်ကထက် ၁၀ ဆမြင့်တက်လာခဲ့ကြောင်း ဧပြီလအစောပိုင်းမှာ အစိုးရက ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေက ဆိုပါတယ်။

မက်သနောဟာ သောက်စရာတွေထဲမှာ ရောနှောပါဝင်နေပါက အနံ့ သို့မဟုတ် အရသာ မခံစားရနိုင်ပါဘူး။ မက်သနောက ခန္ဓာကိုယ်တွင်းအင်္ဂါနဲ့ ဦးနှောက်ကို ပျက်စီးစေပါတယ်။ မက်သနောအဆိပ်သင့် လက္ခဏာများမှာ ရင်ဘတ်အောင့်ခြင်း၊ မအီမသာဖြစ်ပြီး ပျို့အန်ခြင်း၊ အသက်ရှူနှုန်မြန်ခြင်း၊ မျက်စိကွယ်ခြင်းနဲ့ မေ့မြောခြင်းတို့ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က