ပီဒရီကတော့ ငယ်ဘဝတည်းက အင်နီယေစတာကို လေးစားအားကျခဲ့ရတာပါ။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဘာစီလိုနာအတွက်ရော၊ စပိန်ရဲ့သက်တမ်းအလိုက်အသင်းတွေအတွက်ပါ အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ပီဒရီက သူ့ရဲ့စံပြပုဂ္ဂိုလ်ဟာ ဘာစီလိုနာနဲ့စပိန်ဂန္တဝင်ကစားသမားကြီး အင်နီယေစတာဖြစ်ကြောင်း၊ ငယ်ငယ်က အင်နီယေစတာရဲ့ ဆံပင်ပုံစံအတိုင်း လိုက်ညှပ်ချင်ခဲ့ကြောင်းဆိုလာပါတယ်။



အသက် (၁၈) နှစ်သာရှိသေးတဲ့ ပီဒရီရဲ့ ကစားပုံ၊ ကစားပေါက်ကလည်း အင်နီယေစတာလက်သစ်လို့ စပိန်ဘောလုံးလောကမှာ တင်စားခံနေရပြီး ပီဒရီကိုယ်တိုင်ကလည်း အင်နီယေစတာကို ဘယ်လောက်အထိ သဘောကျခဲ့ရတယ်ဆိုတာကို အခုလိုပြောကြားခဲ့တာပါ။

ပီဒရီက “ကျနော် ငယ်ငယ်ကပေါ့ဗျာ။ ဆံပင်ညှပ်ဆိုင်ကိုရောက်နေချိန်မှာ ဘာစီလိုနာပွဲကလည်း တီဗီမှာ လာနေတယ်လေ။ အဲ့ဒါနဲ့ အင်နီယေစတာလို ဆံပင်ပုံစံမျိုးညှပ်ပေးဖို့ ဆံပင်ညှပ်ဆရာကိုပြောတော့ အဖေကလည်း မင်းဘယ်လိုလုပ်ထားလို့ရမှာလဲ။ အင်နီယေစတာက ထိပ်ပြောင်နေတာလေကွာလို့ ပြောပါလေရော။ အဲ့ဒါနဲ့ နောက်ဆုံးကျ ကျနော်အင်နီယေစတာလို ဆံပင်ပုံစံမျိုး မထားဖြစ်ခဲ့ဘူးပေါ့။ ဒါပေမယ့် သူက ကျနော့်အတွက် စံပြပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ပီဒရီဟာ ပြီးခဲ့တဲ့ (၂၀၂၀)၊ သြဂုတ်မှာ လက်စ်ပါးမားစ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားပါ။ (၂၀၂၀)၊ စက်တင်ဘာ (၂၇) မှာတော့ ဘာစီလိုနာအတွက် ပထမဆုံးပွဲဦးထွက်ကစားခွင့်ရခဲ့ပြီး ယူရို- ၂၀၂၀ ပြိုင်ပွဲဝင် စပိန်လက်ရွေးစင်မှာ ရွေးချယ်ခံခဲ့ရပါတယ်။

ဒါ့အပြင် တိုကျိုမှာကျင်းပခဲ့တဲ့ နွေရာသီအိုလံပစ်မှာလည်း စပိန်အိုလံပစ် အမျိုးသားဘောလုံးအသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီး ဘောလုံးရာသီတစ်လျှောက်လုံး ပွဲအများဆုံး ကစားနိုင်တဲ့ ကစားသမားအဖြစ် အရွယ်နဲ့မလိုက်တဲ့ စံချိန်ကို ရယူနိုင်ခဲ့သူပါ။ ပီဒရီက "ကျနော်က အင်နီယေစတာနဲ့ တူချင်ပြီး သူက ကျနော့်စံပြပုဂ္ဂိုလ်ဆိုတာကို ပြောခဲ့ဖူးသလို ဒီအရာက သေတဲ့အထိ ပြောင်းလဲသွားမှာမဟုတ်ပါဘူး”

“အင်နီယေစတာ စွမ်းဆောင်ခဲ့သလိုမျိုးပဲ အချို့အရာတွေကို လုပ်ပြနိုင်ဖို့ ကျနော်မျှော်လင့်ထားပါတယ်” လို့လည်း ပြောကြားသွားခဲ့သေးတာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က