ဈေးတန်ပြီးအရသာထိမိတဲ့ဆိုင်လေးပါ။

ပြည်ဒေသအစားအစာတွေကို ရန်ကုန်မြို့မှာပဲ ဈေးနှုန်းချိုချိုလေးနဲ့ အရသာကောင်းကောင်းလေးစားချင်သူတို့အတွက် ပြည်ထမင်းသုပ်ဆို်ငလေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရန်ကုန်မြို့မှာ ပြည်အစားအစာဆိုင်တွေ များစွာရှိပေမယ့်လည်း ဒီဆိုင်လေးရဲ့ ထူးခြားချက်တွေကြောင့်လည်း စားဖူးသူတိုင်း ကြိုက်ကြတဲ့ဆိုင်လေးပါ။



အင်းမသူကိုယ်တိုင်ရောင်းတဲ့ ပြည်အစားအစာ

ဒီဆိုင်လေးကို ပထမကိုဗစ်လှိုင်းကတည်းက စတင်ဖွင့်လှစ်လာတာ အခုဆို (၃) နှစ်နီးပါးရှိနေပါပြီ။ အင်းမမြို့ ဇာတိဖြစ်တဲ့ မခင်ဌေးဦးက ပြည်၊ အင်းမ အစားအစာတွေကို ရန်ကုန်မှာ ရောင်းချင်တဲ့ ဆန္ဒနဲ့ ဒီဆိုင်လေးကို ဖွင့်လှစ်ခဲ့တာပါ။

“ အစ်မက အစက စာရင်းအင်းလုပ်တယ်။ ပထမကိုဗစ်ဖြစ်တော့ အလုပ်ကသွားရတာ ဝေးတော့ အလုပ်က ထွက်ပြီး ကိုယ်ပိုင်အလုပ်လုပ်မယ်ဆိုပြီး စခဲ့တယ်။ အစ်မကလည်း အင်းမ၊ ပြည် ဇာတိဖြစ်တော့ ကိုယ့်ဒေသအစားအစာလေးကို ရောင်းဖြစ်တာပါ ” လို့ ဆိုင်ရှင် မခင်ဌေးဦးက ဆိုပါတယ်။

အင်းမသူ ပြည်ထမင်းသုပ်ဆိုင်လေးရဲ့ လျို့ဝှက်ချက်

ဒီဆိုင်လေးရဲ့ ထူးခြားချက်တွေက အစားအစာတွေကို အင်ဖက်လေးနဲ့ ထုပ်တာပါ။ ရန်ကုန်မှာ ပြည်အစားအစာတွေရောင်းချတဲ့ဆိုင်ရှိပေမယ့်လည်း အင်ဖက်နဲ့ ထုပ်ရောင်းတာမျိုးမရှိတာကြောင့် ထူးထူးခြားခြားလေးဖြစ်အောင် အင်ဖက်လေးနဲ့ ထုပ်ရောင်းတာလို့ ဆိုပါတယ်။

“ အဲဒီလို ရောင်းချင်နေတာကြာပါပြီ။ အသုပ်ရောင်းမှာဆိုတော့ အိတ်တွေ၊ ဘူးတွေနဲ့ ထုပ်ပေးရင် သိပ်မထူးဘူးပေါ့နော်။ ဖက်လေးနဲ့ဆို ထူးထူးခြားခြားလေးလည်းဖြစ်မယ်။ အစ်မတို့ အင်းမနယ်မှာလည်း တောဘက်က ဖက်ခူးတဲ့သူတွေများတယ်။အဲဒါနဲ့ ကိုယ့်ဒေသထွက်ကုန်လေးကိုလည်း ပေါက်ရောက်စေချင်တယ်။ ဒါကြောင့်မို့ ဖက်လေးနဲ့ ထုပ်ရောင်းတာပါ” လို့ ဆိုပါတယ်။

ပြည်လက်ရာအစုံစားရမယ့်အပြင် အရသာလည်းကောင်းတဲ့ဆိုင်လေး

ဒီဆိုင်လေးမှာ ပြည်မြို့က ဒေသခံတွေ စားကြတဲ့ မနက်ခင်းအစားအစာအတိုင်း ပြည်ထမင်းသုပ်၊ တို့ဟူးသုပ်၊ စိန်ပန်းသုပ်၊ ပြည်ပလာတာ တို့အစုံရောင်းချပြီး ပြည်အရသာ စစ်စစ်ဖြစ်အောင် အသုပ်သုပ်ရာမှာသုံးတဲ့ ကုန်ကြမ်းတွေက အစ ပြည်ဘက်ကနေ မှာယူတယ်လို့ ဆိုပါတယ်။

“ လက်ရာကတော့ ကိုယ့်နယ်ဘက်မှာစားနေကြပုံစံအတိုင်းပဲ သုပ်တာပေါ့။ အဓိက အင်ဖက်သုံးတယ်။ ဆီချက် အနီ၊ အဝါလေးရယ် တို့ဟူးကြော်၊ စိန်ပန်းကျော် အပျော့ အကျွတ် လေးနဲ့ အဓိကထားသုပ်တာပေါ့။ စစချင်းမှာတော့ ပေါ့တာ ငန်တာ ရှိတာပေါ့။ နောက်တော့ စားသုံးသူတွေက ပြောလို့ အရသာပြင်ရင်းနဲ့ ကောင်းသွားတာပါ။ ” လို့ဆိုပါတယ်။

အင်ဖတ်နဲ့ရောင်းတဲ့အပေါ် စားသုံးသူတွေရဲ့ တုံ့ပြန်မှု

အင်ဖက်လေးနဲ့ စရောင်းတဲ့အချိန်မှာ တစ်ချို့အတွက် အထူးအဆန်းဖြစ်နေသလို တစ်ချို့ကျတော့ ဒီလို ဓလေ့ကို သိပ်မကြိုက်ကြဘူးလို့ဆိုပါတယ်။ စရောင်းကာစမှာ ဝယ်သူလည်းနည်းပါးတာကြောင့် အင်ဖတ်တွေကို ထားသိုရတာ အခက်အခဲတွေ ဖြစ်ခဲ့ပါတယ်။

“စစချင်းသိပ်ရောင်းမကောင်းတော့ ဖက်က ထားရတာ နည်းနည်းခက်တယ်။ နှစ်ရက် သုံးရက်ဆို မဲကုန်ရော။ အခုကကျတော့ မြန်မြန်ကုန်တော့ ဖက်တွေ မမဲတော့ဘူး။ ဆိုင်လေးစဖွင့်တုန်းက ဒီကလူတွေက အစ်မတို့ ဘက်က သုပ်တဲ့ပုံစံမျိုးတွေ သိပ်မစားတတ်ကြဘူး။ ဆိုင်လေးကလည်း လမ်းဘေးလေးမှာစရောင်းတော့ နေရာထိုင်ခင်းလည်း အခက်အခဲဖြစ်ခဲ့တယ်။ လုံးဝမရောင်းရတာလည်းရှိခဲ့ပါတယ်။ အခုတော့ တစ်ဖြည်းဖြည်းလူသိလာပြီ။ လက်ရာလေးလည်းမှန်လာပြီ။ စားသုံးသူတွေလည်းကြိုက်လာကြတော့ ဖောက်သည်တွေလည်းရလာတယ်။ အော်ဒါတွေလည်း တစ်ဖြည်းဖြည်းများလာတယ်။

အခုတော့လက်မလည်တဲ့ဆိုင်လေး ဖြစ်လာ

ဆိုင်ဖွင့်ကာလ ၃ နှစ်အတွင်းမှာပဲ တစ်ဖြည်းဖြည်းနဲ့ လူသိများလာပြီး အခုဆို လက်မလည်အောင်ရောင်းရတဲ့ အနေအထားဖြစ်လာပါတယ်။ မနက်ခင်း ၅ နာရီလောက်ကနေ မနက် ၉ နာရီလောက်ထိ မှာယူစားသုံးနိုင်ပြီး ရောင်းတဲ့အချိန် (၃) နာရီအတွင်းလောက်မှာကို အော်ဒါတွေ၊ လာစားတဲ့သူတွေနဲ့ အမြဲကြိတ်ကြိတ်တိုးနေတဲ့ဆိုင်လေးပါ။ လက်ရာကလည်း စားလိုက်တဲ့အခါ ထိထိမိမိနဲ့ ကောင်းမွန်တာကြောင့်လည်း စားသုံးသူတွေအကြိုက်တွေ့စေတဲ့ဆိုင်လေးဖြစ်ပါတယ်။

အင်းမသူ ပြည်ထမင်းသုပ်လက်ရာလေးစားချင်တယ်ဆိုရင်တော့

ဒီဆိုင် မှာ ခေါက်ဆွဲသုပ်၊ ကြာဇံသုပ်၊ တို့ဟူးသုပ်၊ ပြည်ပလာတာ၊ နန်းကြီးသုပ်၊ ပြည်ထမင်းသုပ်တို့ ရနိုင်ပြီး ဈေးနှုန်းတွေကတော့ အနည်းဆုံး (၇၀၀) ကျပ်ကနေ အများဆုံး (၁၅၀၀) ကျပ်ထိပဲရှိပါတယ်။ လိပ်စာလေးကတော့ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမပေါ် ၊ အမှတ် (၅) ဈေးရှေ့ ၊ ၅ ကွေ့မှတ်တိုင် တည့်တည့်မှာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်လက်ရာကောင်းကောင်းကို ဈေးတန်တန်လေးနဲ့စားချင်သူတွေအတွက် အင်းမသူ ပြည်လက်ရာဆိုင်လေးကို လာစားကြည့်သင့်ပါတယ်နော်။ 

Share

Loading Next Article...
က္က