အမ်ဘာပေကတော့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားလာခဲ့တာပါ။

PSG တိုက်စစ်ကစားသမား အမ်ဘာပေဟာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာခဲ့ပေမယ့် ဒီစကားတွေကတော့ ပရိသတ်တွေအတွက် ဘယ်လိုအဓိပ္ပာယ်ကောက်လို့ကောက်ရမှန်းမသိအောင် ဖြစ်နေပါတယ်။ ဆောင်းရာသီအပြောင်းအရွှေ့ နီးကပ်လာတာနဲ့အမျှ အမ်ဘာပေရဲ့ အနာဂတ်ကလည်း ပိုမိုလှုပ်ခတ်လာခဲ့တာပါ။



အမ်ဘာပေဟာ PSG နဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာခဲ့ပြီး လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့မှာ အခြားအသင်းတသင်းနဲ့ အကြိုသဘောတူညီမှုရယူခွင့်ရှိနေပါပြီ။ ရီးရဲယ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အမ်ဘာပေကို အသည်းအသန် ကမ်းလှမ်းခဲ့ပေမယ့် PSG က ဆက်တိုက်ငြင်းဆန်ခဲ့တဲ့နောက် လာမယ့်နွေရာသီမှသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

အဲ့ဒါကြောင့်လည်း အမ်ဘာပေရဲ့ အနာဂတ်နဲ့ပတ်သက်လို့ သတင်းထောက်က မေးမြန်းခဲ့ရာမှာတော့ အမ်ဘာပေက အခုလိုပဲ ပြောကြားသွားခဲ့တာပါ။ အမ်ဘာပေက “ကျနော် ဘာလုပ်ဖြစ်မလဲဆိုတာ ကျနော်ကိုယ်တိုင်လည်း မသိပါဘူး။ ဒါက ဆုံးဖြတ်ချက်ရတာ လွယ်ကူတဲ့ကိစ္စမဟုတ်လို့ပါ။ ဘာပဲဖြစ်ဖြစ် (၂၀၂၃) မှာတော့ ကျနော်က အသင်းကြီးတသင်းအတွက် ကစားနေပါလိမ့်မယ်”

“အရင်ဆုံးပြောချင်တာကတော့ ပြီးခဲ့တဲ့နွေရာသီက ကျနော် ရီးရဲယ်မက်ဒရစ်ကို မပြောင်းဖြစ်ခဲ့တဲ့အတွက် စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျနော်အခု တတိယတန်းအသင်းမှာ ကစားနေတာ မဟုတ်ပါဘူး။ ချန်ပီယံလိဂ်ဖလားလိုချင်တဲ့ အသင်းတသင်းမှာ ကျနော်ကစားနေတာပါ”

“ကျနော်က ပဲရစ်မြို့သားတယောက်ဖြစ်ပြီး ကျနော့် မိသားစုလည်း ဒီမှာရှိနေပါတယ်။ ဒီတော့ ခံစားချက်တွေလည်း ကောင်းမွန်နေတာပေါ့။ ဒါပေမယ့် ကျနော် အမြဲတမ်း ပြောခဲ့ဖူးပါတယ်။ ကျနော်က တစုံတခုကို အမြဲတမ်းရှာဖွေနေတယ်ဆိုတာကိုပေါ့” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

PSG ဟာ လက်ရှိအချိန်မှာ အမ်ဘာပေနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး တိုးတက်မှုတစုံတရာတော့ မရှိသေးပါဘူး။ အဲ့ဒါကြောင့်လည်း ဆောင်းရာသီ အပြောင်းအရွှေ့ကာလက အမ်ဘာပေရဲ့ အနာဂတ်ကို စောင့်ကြည့်ရမယ့်ကာလလို့လည်း ဆိုနေကြတာဖြစ်ပါတယ်။ 

Share

က္က