လူကာကူတယောက် အင်တာမီလန်ကို ပြန်ရတော့မှာမို့ ဝမ်းသာလုံးဆို့သွားခဲ့ပုံပါပဲ။

တိုက်စစ်မှူး လူကာကူ ချဲလ်ဆီးကနေ အင်တာမီလန်ကို ပြန်လည်ပြောင်းရွှေ့ဖို့ နှစ်သင်းကြား သဘောတူညီမှုရရှိခဲ့ပါတယ်။ လူကာကူဟာ အင်တာမီလန်ကို ပြန်ဖို့အတွက် လစာပါလျှော့ယူခဲ့ပြီး အင်တာမီလန်က သူ့ကိုအငှားခေါ်ယူကြေး ယူရို (၈) သန်း ပေးချေရမှာပါ။



ချဲလ်ဆီးကတော့ ကလပ်စံချိန်တင်ကြေး ပေါင်သန်း (၁၀၀) နီးပါးနဲ့ ခေါ်ယူထားတဲ့ လူကာကူကို ဘာမှမသုံးလိုက်ရဘဲ တနှစ်အတွင်း အလွတ်ပြောင်းရွှေ့ကြေးနီးနီးနဲ့ ပြန်လည်လက်လွှတ်ရတော့မှာဖြစ်ပါတယ်။ လူကာကူက အင်တာမီလန်ကို ပြောင်းဖို့ ရာသီမကုန်ခင်တည်းက စိတ်အားထက်သန်ခဲ့ပါတယ်။ ဒါ့အပြင် အင်တာမီလန်ဥက္ကဌ၊ အသင်းတာဝန်ရှိသူတွေနဲ့ အသင်းဖော်ဟောင်းတွေကိုလည်း ပြီးခဲ့တဲ့ခရစ္စမတ်ကာလတည်းက မက်ဆေ့ချ်ပို့ ဆက်သွယ်နေခဲ့တာပါ။

အသက် (၂၉) နှစ်အရွယ် ဒီကစားသမားဟာ အင်တာမီလန်မှာ အောင်မြင်တဲ့အချိန်တွေကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ အခုတခါ အင်တာမီလန်ကို ပြန်ရတော့မယ်လို့ သူ့ရဲ့အေးဂျင့်က အသိပေးလာတဲ့အခါမှာတော့ လူကာကူတယောက် အရမ်းကို စိတ်လှုပ်ရှားသွားခဲ့ပြီး မျက်ရည်ကျမလိုတောင်ဖြစ်ခဲ့ရကြောင်း အီတလီအခြေစိုက် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီကြားထဲမှာ အင်တာမီလန်ရဲ့ဘဏ္ဍာရေးအခြေအနေကြောင့် အင်တာမီလန်တို့ လူကာကူကို ပြန်လည်ခေါ်ယူဖို့ မရေမရာဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် လူကာကူကိုယ်တိုင်က လစာ (၃၀) ရာခိုင်နှုန်းလျှော့ယူလိုက်တဲ့အပြင် အငှားပြောင်းရွှေ့ကြေးကလည်း အင်တာမီလန်အတွက် တတ်နိုင်တဲ့ပမာဏဖြစ်တာကြောင့် ရှေ့တပတ်အတွင်း မီလန်မြို့မှာ လူကာကူက ဆေးစစ်မှုခံယူရတော့မှာပါ။

လူကာကူအတွက် လစာငွေအားလုံးကို အင်တာမီလန်ကပဲ ပေးချေရမှာဖြစ်ပြီး အပြီးသတ်ခေါ်ယူခွင့်တော့ မပါရှိသေးဘူးလို့ သိရှိရပါတယ်။ လူကာကူဟာ အင်တာမီလန်မှာ ကစားခဲ့တုန်းက လက်ရှိစပါးနည်းပြ ကွန်တီနဲ့ လက်တွဲပြီး စီးရီးအေအမှတ်ပေးချန်ပီယံဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

Share

က္က