ဒီနေ့မနက်မှာ ကစားခဲ့တဲ့ နက်ရှ်ဗေးလ်နဲ့ အင်တာမိုင်ယာမီတို့ရဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာ မက်ဆီ ဦးဆောင်တဲ့ အင်တာမိုင်ယာမီက နက်ရှ်ဗေးလ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ဒီပွဲမှာ သာမန်ပွဲကစားချိန်အတွင်း တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တာပါ။
အင်တာမိုင်ယာမီအတွက် ဦးဆောင်ဂိုးကို ပထမပိုင်းမှာ မက်ဆီက ဧရိယာထိပ်ကနေ လှပပြီး ပြင်းထန်အားပါတဲ့ ကန်ချက်နဲ့ သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးနဲ့ပဲ အင်တာမိုင်ယာမီတို့ ပထမပိုင်းတစ်ပိုင်းလုံး ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပြိုင်ဘက် နက်ရှ်ဗေးလ်က ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ကစားသမား (၁၁) ယောက်လုံး ပင်နယ်တီကန်ရတဲ့အထိကို ဖြစ်သွားခဲ့ပါတယ်။ နှစ်ဖက်ဂိုးသမားတွေပါ ပင်နယ်တီဝင်ကန်ခဲ့ရပြီး ပင်နယ်တီအပြီးမှာတော့ အင်တာမိုင်ယာမီက နက်ရှ်ဗေးလ်ကို ပင်နယ်တီအဆုံးအဖြတ် ၁၀-၉ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း မက်ဆီအတွက် အင်တာမိုင်ယာမီနဲ့ ပထမဆုံး ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပင်နယ်တီ အဆုံးအဖြတ်မှာလည်း မက်ဆီ၊ ဘူးစကွက်စ်၊ ယက်ဒ်လင်း၊ အယ်လ်ဘာတို့က ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ကြပါတယ်။
မက်ဆီဟာ ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့အပြင် အသင်းနဲ့အတူ လိဂ်ဖလားပြိုင်ပွဲတစ်လျှောက် ပွဲတိုင်းမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ မက်ဆီဟာ အင်တာမိုင်ယာမီကို ရောက်ရှိလာတာ မကြာသေးပေမယ့် မေဂျာလိဂ်မှာ လျင်လျင်မြန်မြန်နဲ့ အသားကျနေပြီး အချိန်တိုအတွင်းမှာပဲ အင်တာမိုင်ယာမီနဲ့အတူ ဆုဖလားတစ်လုံးကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။