မကြာခင် မက်ဆီပြောင်းရွှေ့တော့မယ့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီဟာ Eastern Conference ဇုန်မှာ ၁၈ ပွဲကစားအပြိး ၁၃ ပွဲအထိ အရေးနိမ့်ကာ ဇယားအောက်ဆုံးကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီနေ့မနက်က ကစားခဲ့တဲ့ပွဲမှာလည်း ပြိုင်ဘက် Philadelphia ကို ၄-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ်။
မိုင်ယာမီရဲ့ ကစားပုံကတော့ အပျော်တမ်းအဆင့်သာသာမှာသာ ရှိနေခဲ့ပြီး ဂိုးတွေကို အလွယ်တကူပေးခဲ့ရပါတယ်။ ဒါကြောင့် ပလေးအော့ကစားခွင့်ရဖို့တောင်မှ တော်တော်လေး ကြိုးစားရတော့မှာဖြစ်ပြီး မက်ဆီနဲ့ ဆာဂျီယိုဘက်ကွက်စ်တို့ ရောက်ရှိလာချိန်မှာ အသင်းကို ကယ်တင်ပေးနိုင်မလား စောင့်ကြည့်ရတော့မှာပါ။
မက်ဆီဟာ မိုင်ယာမီအတွက် သူ့ရဲ့ ပထမဆုံးပွဲကို လာမယ့်ဇူလိုင်လ ၂၁ ရက်နေ့မှာမှ စတင်ကစားပေးရဖွယ်ရှိပါတယ်။ မက်ဆီအနေနဲ့ မိုင်ယာမီမှာ တွဲဖက်ကစားရမယ့် ကစားသမားတွေရဲ့ အရည်အသွေးက နိမ့်ပါးလွန်းတာကြောင့် သူတဦးတည်းသာ ရုန်းကန်ရမယ့် အနေအထားလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဘာစီလိုနာအသင်းဖော်ဟောင်း ဘက်ကွက်စ်လည်း ရောက်ရှိလာမှာဖြစ်လို့ ဒါက မက်ဆီအတွက်တော့ အားတက်စရာပါ။ ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီက မက်ဆီရဲ့ အားထုတ်ပေးမှုနဲ့အတူ ပလေးအော့ကစားခွင့်ရရှိမလား၊ အံ့အားသင့်ဖွယ်ရာတွေ လုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။