အန်ဖီးလ်မှာ ရင်ဆိုင်ရမယ့်ပွဲအတွက် ကလော့ပ်ကပြောကြားခဲ့တာပါ။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဒီကနေ့ညမှာ ကစားမယ့် အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဥ်မှာ ပထမအကျော့ရလဒ်ကို ကာကွယ်ကစားနေမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။



လီဗာပူးဟာ ပထမအကျော့ အီတလီမြေမှာ ရုန်းကန်ခဲ့ရပေမယ့် လိုအပ်နေတဲ့ အနိုင်ဂိုးတွေရရှိခဲ့ပြီး ဖေမီနို၊ ဆာလာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၀-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့် လီဗာပူးအနေနဲ့ ကွာတားဖိုင်နယ်ကို ခြေတဖက်လှမ်းထားနိုင်ပြီလို့ ဆိုရမှာပါ။

ဒါပေမယ့်လည်း ကလော့ပ်ကတော့ အန်ဖီးလ်ကွင်းမှာ ကစားမယ့်ပွဲစဥ်အတွက် သူ့ရဲ့ လီဗာပူးက ခံစစ်ကစားမှာ မဟုတ်တဲ့အကြောင်း အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ကလော့ပ်က “အင်တာမီလန်က အန်ဖီးလ်ကို တိုးရစ်တွေအနေနဲ့ ရောက်လာမှာမဟုတ်ပါဘူး။ သူတို့က ဒီကွင်းမှာ အမဲဖျက်ဖို့ ရောက်လာမှာပါ”

“ကျနော်တို့ကလည်း ဒါကိုပဲ လိုချင်တာလေဗျာ။ ဘာလို့လဲဆိုတော့ လီဗာပူးဆိုတဲ့အသင်းက ရလဒ်တခုကို အကာအကွယ်ယူပြီး ကစားမယ့် အသင်းမဟုတ်ပါဘူး။ ကျနော်တို့က နောက်တကြိမ် တိုက်စစ်ဆင် ကစားချင်တဲ့ အသင်းပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ဒဏ်ရာပြဿနာရှိနေတဲ့ မာတစ်ပ်၊ သီယာဂို၊ ဖေမီနိုတို့နဲ့ ပတ်သက်လို့လည်း ကလော့ပ်က အခုလိုပြောပါသေးတယ်။

ကလော့ပ်က “သူတို့ သုံးယောက်လုံး အပြည့်အဝ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပါပြီ။ ဒါပေမယ့် ကျနော်တို့ ဘာလုပ်မလဲဆိုတာကို အတိအကျမဆုံးဖြတ်ရသေးပါဘူး။ အရိုးသားဆုံးပြောရရင် ကစားသမားတွေရဲ့ တုံ့ပြန်ပုံကို ကျနော်တို့ စောင့်ကြည့်ရဦးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးဟာ ဒီရာသီမှာ ဆုဖလား လေးလုံး လမ်းကြောင်းပေါ်မှာရှိနေတဲ့ တသင်းတည်းသော အသင်းလည်းဖြစ်ပါတယ်။ ကာရာဘောင်ဖလားကို ဆွတ်ခူးနိုင်ပြီးနောက် အက်ဖ်အေဖလားမှာလည်း ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယား ထိပ်ဆုံးက မန်စီးတီးကို အကောင်းဆုံး ဖိအားပေးနေပြီး ချန်ပီယံလိဂ်မှာလည်း နောက်တဆင့်အတွက် အခြေအနေကောင်းနေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က