SpaceX အာကာသကုမ္ပဏီရဲ့ Starlink အင်တာနက်ဝန်ဆောင်မှုဟာ အာရှဈေးကွက်ထဲ ရောက်လာတော့မှာ ဖြစ်ပါတယ်။
ဒီတစ်ပတ် တနင်္လာနေ့က ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးအီလွန်မတ်စ်ရဲ့ Starlink ဂြိုလ်တုအင်တာနက်ဟာ အိန္ဒိယမှာ လုပ်ငန်းမှတ်ပုံတင်လိုက်တယ်လို့ ဆိုပါတယ်။ Starlink Satellite Communications Private Limited ရဲ့ ဒေသတွင်းရုံးခွဲဟာ အစိုးရဆီက Broadband နဲ့ တခြားဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးဖို့ အစိုးရဆီက လိုင်စင်လျှောက်ထားတော့မှာဖြစ်တယ်လို့ အိန္ဒိယ Starlink နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဆန်ဂျေ ဘဟာဂါဗါက ပြောပါတယ်။
Photo: Gadgets NDTV
အာရှတလွှား အင်တာနက်ဝန်ဆောင်မှုပေးဖို့ ၂၀၂၂ ဒီဇင်ဘာအကုန်မှာ အိန္ဒိယနိုင်ငံထဲ Starlink ကြိုးမဲ့အင်တာနက်ဖမ်းစက် ၂ သိန်း ဖြန့်ချိဖို့လည်း ပြင်ဆင်နေတယ်လို့လည်း ကုမ္ပဏီကဆိုပါတယ်။ Tripod ၊ WiFi Router နဲ့ Starlink ဂြိုလ်တုတွေနဲ့ ချိတ်ဆက်ဖို့ သုံးတဲ့ User Terminals စက်ပါ Kit တစ်စုံအတွက် ၄၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ လောလောဆယ် အိန္ဒိယမှာ Starlink ဂြိုလ်တုဖမ်းစက်ဝယ်ဖို့ အော်ဒါမှာထားသူ ၅၀၀၀ ကျော် ရှိနေပြီလို့ ကုမ္ပဏီက ဆိုပါတယ်။
Starlink စက်တွေ ၂ သိန်းအနက် ၁၆၀၀၀၀ ကို ကျေးလက်ခရိုင် ၁၂ ခုမှာ တပ်ဆင်သွားမှာ ဖြစ်ပြီး နယူးဒေလီမြို့တော်နဲ့ အနီးအနားတစ်ဝိုက်က ကျောင်းတွေမှာလည်း စက်အလုံးရေ ၁၀၀ လှူပြီး အင်တာနက်ပေးနိုင်အောင် လုပ်သွားမယ်လို့ ကုမ္ပဏီရဲ့တင်ပြချက်မှာ ဖော်ပြထားပါတယ်။ "ဝေးလံခေါင်းပါးတဲ့နေရာတွေကို ဝန်ဆောင်မှု ပေးချင်ပါတယ်။"လို့ ဘဟာဂါဗာက ဆိုပါတယ်။ ဘဟာဂါဗာဟာ အရင်က SpaceX CEO အီလွန်မတ်စ်နဲ့အတူ PayPal ဖန်တီးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
"PayPal ကို အောင်မြင်အောင်ပုံဖော်တဲ့အတွက် ဆန်ဂျေးကို အများကြီး ချီးကျူးထိုက်ပါတယ်။ အခုလည်း သူပဲ အိန္ဒိယ ကျေးလက်လူမှုအသိုင်းအဝိုင်းကို SpaceX က ဝန်ဆောင်မှုပေးရာမှာ ကူညီပေးနေပါတယ်။ အများကြီး လေးစားဖို့ ကောင်းပါတယ်။"လို့ Twitter မှာ ရေးခဲ့ပါတယ်။
Photo: ET Telecom
လောလောဆယ် Starlink ဟာ ဖိလစ်ပိုင်က တယ်လီကွန်းကုမ္ပဏီနှစ်ခုနဲ့လည်း ဂြိုလ်တုအင်တာနက်ပေးနိုင်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွ လုပ်နေတယ်ဆိုပြီး Bloomberg သတင်းက ရေးထားပါတယ်။ လက်ရှိ ကမ္ဘာပတ်လမ်းထဲမှာ Starlink ပိုင် ဂြိုလ်တုပေါင်း ၁၆၅၀ ကျော် ရှိနေပြီး လာမယ့် ၂၀၂၇ နှစ်လယ်မှာ ဂြိုလ်တုပေါင်း ၄၂၀၀၀ အထိ လွှင့်တင်နိုင်ဖို့ မျှော်မှန်းထားပါတယ်။
အောက်တိုဘာလထဲမှာ Starlink ရဲ့ အစမ်းလွှင့်တင်မှု Beta-Testing Mode လုပ်ခဲ့ပါတယ်။ Starlink ဂြိုလ်တုအင်တာနက်ပရောဂျက်အတွက် စုစုပေါင်း ဒေါ်လာ ၆၀၀ ကုန်ကျမှာ ဖြစ်ပြီး ဒီထဲမှာ လစဉ်ကြေး ၉၉ ဒေါ်လာ နဲ့ User Terminal စက် ၊ Tripod ၊ WiFi Router ပါ Kids အတွက် ၄၉၉ ဒေါ်လာ ကျသင့်တာ ဖြစ်ပါတယ်။ အင်တာနက် Speed ဟာ 50Mbps ကနေ 150Mbps နှုန်းအထိ ရှိမယ်လို့လည်း SpaceX က ဆိုပါတယ်။