မိုင်ပေါင်း ၂၈၀၀၀ ကျော်အထိ ရှည်မှာပါ

Facebook နဲ့ တယ်လီကွန်းတွေ ပေါင်းပြီး အာရှ ၊ အာဖရိကနဲ့ ဥရောပ ၃ တိုက်ကို ချိတ်ဆက်သွားမယ့် ရေအောက်ကေဘယ်ပရောဂျက်တစ်ခု လုပ်နေတယ်လို့ ဆိုပါတယ်။

           2Africa လို့ နာမည်ပေးထားတဲ့ ပင်လယ်ရေအောက် ကေဘယ်ပရောဂျက်ကို Facebook နဲ့ တယ်လီကွန်းတွေက ရံပုံငွေထောက်ပံ့ထားတာ ဖြစ်ပြီး တည်ဆောက်ပြီးစီးချိန်မှာ ကမ္ဘာ့အရှည်လျားဆုံး ပင်လယ်ရေအောက်ကေဘယ်စနစ်ကြီး ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။ ပရောဂျက်အကြောင်း ပထမဆုံး Facebook ကြေညာချိန်က 2Africa ရဲ့ SEA-ME-WE 3 ကေဘယ်ဆက်ကြောင်းဟာ သမုဒ္ဓရာကြမ်းပြင်ပေါ်မှာ ကီလို ၃၇၀၀၀ (မိုင်ပေါင်း ၂၂၉၉၀အထိ ) ရှည်လျားမယ်လို့ ဆိုပါတယ်။      




Photo: Business Insider


           အခုတော့ ဒီအစီအစဉ်မှာ နောက်ထပ် ၄ နေရာဖြစ်တဲ့ ဆေးချီလက်စ်ကျွန်း ၊ ကိုမိုရော့စ်ကျွန်း ၊ အန်ဂိုလာနဲ့ နိုင်ဂျီးရီးယား အရှေ့တောင်ပိုင်းတွေလည်း ထပ်တိုးလာပြီးနောက် စုစုပေါင်း ရေအောက်ကေဘယ်ဆက်ကြောင်းဟာ ကီလိုမီတာ ၄၅၀၀၀ ကျော် (မိုင်ပေါင်း ၂၈၀၀၀ ကျော်ခန့်) အထိ ရှိလာမယ်လို့ Engadget သတင်းက ဖော်ပြပါတယ်။ 2Africa စီမံကိန်းကနေ အသစ်ထပ်တိုးလာတဲ့ တည်ဆောက်မှုပိုင်းကို 2Africa Pearls လို့လည်း နာမည်ပေးထားပါတယ်။

 

           2Africa စီမံကိန်းဟာ နာမည်ပေးထားတဲ့အတိုင်း အာဖရိကမှာ နေထိုင်သူတွေကို အင်တာနက်ချိတ်ဆက်မှု အထောက်အပံ့ပေးဖို့ အဓိက ရည်ရွယ်တာပါ။ အာဖရိကဟာ အင်တာနက်ကွန်ရက်ချိတ်ဆက်မှု အနည်းဆုံးတိုက်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။ 2Africa ရဲ့ တိုးချဲ့အစီအစဉ်တစ်ရပ်ဖြစ်တဲ့ 2Africa Pearls အင်တာနက်ဖြန့်ဝေရေးစီမံကိန်းဟာ အိန္ဒိယ (မွမ်ဘိုင်း) ၊ ပါကစ္စတန် (ကရာချီ) ၊ အိုမန် (ဆာလာလာ နဲ့ ဘာရာကတ်ချ်) ၊ ယူအေအီး (ကယ်လ်ဘာ နဲ့ အဘူဒါဘီ) ၊ ကာတာ (ဒိုဟာ) ၊ ဘာရိန်း (မန်နာမား) ၊ အီရက် (အယ်ဖော်) ၊ ကူဝိတ် (ကူဝိတ်) နဲ့ ဆော်ဒီအာရေဗျ (ကိုဘား) တို့မှာ အခြေစိုက်စခန်းသစ်တွေ ဆောက်ထားပါတယ်။



Photo: Tech Crunch


           Facebook ကွန်ရက်အခြေခံအဆောက်အဦပိုင်း ဒုဥက္ကဌ ကက်ဗင် ဆယ်လ်ဗာဒိုရီကတော့ ပရောဂျက်တစ်ခုလုံးဟာ နဂိုက ရည်မှန်းထားတာထက်ပိုပြီး လူတွေကို အကျိုးပြုနိုင်မယ်လို့ ဆိုပါတယ်။ မူလရည်ရွယ်ထားတဲ့ 2Africa ပရောဂျက်ဟာ လူပေါင်း သန်း ၁၂၀၀ ကိုပဲ အင်တာနက်ပေးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး 2Africa Pearls တိုးချဲ့စီမံကိန်းအရ လူပေါင်း သန်း ၃၀၀၀ အထိ အင်တာနက်သုံးနိုင်အောင် ကူညီပေးနိုင်မယ်လို့လည်း ဆိုပါတယ်။

           2Africa စီမံကိန်းကို Facebook နဲ့အတူ China Mobile International ၊ MTN GlobalConnect ၊ Orange ၊ STC ၊ Telecom Egypt ၊ Vodafone နဲ့ WIOCC တို့နဲ့ ဖွဲ့စည်းထားပါတယ်။ စီမံကိန်းပြီးမြောက်သွားရင်တော့ ကမ္ဘာ့လူဦးရေရဲ့ ၃၆% ကို ကိုယ်စားပြုတဲ့ နိုင်ငံ ၃၃ နိုင်ငံကို အင်တာနက်ပေးနိုင်မှာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၃ အကုန် ၂၀၂၄ ဆန်းမှာ ဒီစီမံကိန်း အပြီးသတ်ဖို့ ရှိပါတယ်။

Share

က္က