ယမန်နေ့ညက ပီအက်စ်ဂျီအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ၂ ကျော့ပေါင်း ၃-၃ ဖြစ်ပေမယ့် အဝေးဂိုးစည်းမျဉ်းနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး လူကာကူဟာ ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ သာမန်ခြေစွမ်းမျိုးသာရှိခဲ့ပေမယ့် ရရှိလာတဲ့အခွင့်အရေး ၂ ကြိမ်စလုံးကို အပိုင်အသုံးချနိုင်ခဲ့လို့ ယင်းပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ဒုတိယပိုင်း ၈၉ မိနစ်မှာ ရရှိခဲ့တဲ့ပင်နယ်တီကနေတဆင့် ရက်ရှ်ဖို့ဒ်က အမှားအယွင်းမရှိကန်သွင်းယူပြီး ပီအက်စ်ဂျီအသင်းကို အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ယင်းပွဲစဉ်အပြီးမှာ မန်ချက်စတာယူနိုက်တက်ကစားသမားတွေနဲ့ ပရိသတ်တွေဟာ အတူတူအောင်ပွဲခံခဲ့ကြပြီး ပွဲပယ်ခံထားရတဲ့ ပေ့ါဂ်ဘာကလည်း ကွင်းထဲထိဆင်းလာပြီး အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
ပေါ့ဂ်ဘာနဲ့ လူကာကူတို့နှစ်ယောက် ပြုလုပ်ခဲ့တဲ့ အောင်ပွဲခံဟန်ဟာ ပရိသတ်တွေကြားမှာ ပျံ့နှံ့ခဲ့ပြီး လူကာကူနဲ့ ပေါ့ဂ်ဘာတို့ဟာ ယင်းအောင်ပွဲခံဟန်ကို အဓိပ္ပာယ်ရှိရှိနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းယူထားတဲ့ လူကာကူကို ပေါ့ဂ်ဘာက ပင်နယ်တီကန်ခွင့်မပေးခဲ့တဲ့အတွက် ပေါ့ဂ်ဘာနဲ့လူကာကူတို့ အဝတ်လဲခန်းအတွင်းမှာ အချင်းများခဲ့ပြီး သပ်သပ်စီခွဲနေကြတယ်လို့ The Sun သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပါတယ်။
ယင်းသတင်းနဲ့ပတ်သက်ပြီး လူကာကူက ၎င်းရဲ့လူမှုကွန်ရက်အကောင့်မှာ ‘အမုန်းတရားတွေ အလုပ်မဖြစ်တော့တဲ့အခါမှာ မုသားတွေ သူတို့ စပြောကြတော့တာပဲ’ဆိုတဲ့ စာသားကို တင်ပြီး ကောလာဟလတွေကို ရှင်းလင်းခဲ့ပါတယ်။
ပီအက်စ်ဂျီနဲ့ပွဲစဉ်အပြီးမှာ လူကာကူနဲ့ပေါ့ဂ်ဘာတို့ဟာ မီဒီယာတွေ ဖော်ပြသလိုမဟုတ်ဘဲ တစ်ဦးနဲ့တစ်ဦး ပြဿနာမရှိဘဲ ချစ်ခင်ရင်းနှီးမှုရှိကြောင်းကို စာရေးသားနေဟန်ပြုလုပ်ပြီး ကောလာဟလတွေကို ရပ်ကြပါဆိုတဲ့အဓိပ္ပာယ်နဲ့ အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။