Find My App နဲ့ နားကြပ်ရဲ့ တည်နေရာကို ဆက်တိုက် လိုက်ရှာပါတယ်။

မန်ချက်စတာက အမျိုးသားတစ်ဦးဟာ အခိုးခံလိုက်ရတဲ့ AirPods တွေ ပြန်ရဖို့ ကမ္ဘာအနှံ့ မိုင်ပေါင်း ၄၀၀၀ ရှိတဲ့ ရှာပုံတော်ခရီးဆက်ခဲ့တယ်လို့ ဆိုပါတယ်။ 

The Apprentice TV အစီအစဉ်ရဲ့ ပြိုင်ပွဲဟောင်းတစ်ဦး ဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် လူးဝစ် အယ်လစ်ဆိုတဲ့ အမျိုးသားဟာ ဘန်ကောက်ကနေ ဒိုဟာလေကြောင်းခရီးစဉ်တစ်ခုမှာ လေယာဉ်ပေါ် သူ့ AirPods နားကြပ်တွေ ကျန်ခဲ့တာကို သတိရလိုက်တယ်လို့ ဆိုပါတယ်။ Qatar Airways လေယာဉ်ပေါ် နားကြပ်တွေ ကျန်ခဲ့တဲ့ကိစ္စကို ဝန်ထမ်းတွေကို အသိပေးခဲ့ပြီး နားကြပ်တွေ ပြန်ရဖို့ လေဆိပ်ထဲ ၄ နာရီကြာ စောင့်ခဲ့တယ်လို့ ပြောပါတယ်။ 




နောက်တော့ သူ့နားကြပ်တွေ လေယာဉ်ပေါ် ရှာမတွေ့ဘူးလို့ ဝန်ထမ်းတွေက ပြောတာကြောင့် လေဆိပ်ကနေ ဒီအတိုင်း ထွက်ခဲ့ရတယ်လို့လည်း လူးဝစ်က ပြောပါတယ်။ နောက်တော့ သူ့ဖုန်းထဲက Find My အက်ပလီကေးရှင်းနဲ့ AirPods တွေ စစ်ကြည့်ရာမှာ သူ့နားကြပ်တွေ ကမ္ဘာပတ်နေတာကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ နားကြပ်ပျောက်ပြီး ၅ လအကြာမှာ စိတ်မရှည်တော့တဲ့ လူးဝစ်ဟာ နားကြပ်ပျောက် ရှာပုံတော်ဖွင့်ဖို့ မိုင် ၄၀၀၀ ခန့် ခရီးထွက်ခဲ့ပါတယ်။ 

"ကျွန်တော့်နားကြပ် ဘယ်သူယူထားသလဲ မသိပါဘူး။ ဒါပေမယ့် ကျွန်တော့် AirPods တွေက အားလပ်ရက်ရှည် ခရီးထွက်နေတာပေါ့ဗျာ။ ဒီနားကြပ်နဲ့ ကာတာကနေ ခတ္တမန်ဒူကို ရောက်သွားတာကို ကျွန်တော်ကြည့်ခဲ့ရတယ်။ ဒီအရင်က နီပေါမှာ ရှိတဲ့ ဟိမဝန္တာတောင်တွေအကြားက ရွာလေးတစ်ရွာကို ရောက်နေပြန်ရော။ ဒိုဟာကို ပြန်မရောက်ခင် ထိုင်းလည်း ခဏရောက်သွားသေးတယ်။ ကျွန်တော် သည်းမခံနိုင်တော့ဘူးဗျာ။ ဒါနဲ့ နားကြပ်တွေ ရှာဖွေဖို့ ဆုံးဖြတ်လိုက်တာပါပဲ" လို့ သူက ပြောပါတယ်။ 

သူငယ်ချင်းတွေက စနောက်ပြီး စိန်ခေါ်တာကလည်း လူးဝစ်ကို မိုင်ပေါင်း ၄၀၀၀ ခရီးဆန့်ပြီး နားကြပ်ပျောက်ရှာပုံတော် ဖွင့်စေဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။ နားကြပ်ပျောက်ခဲ့တဲ့ ဒိုဟာ (ကာတာနိုင်ငံ) ကိုပဲ သူပြန်သွားခဲ့ပြီး Find My App နဲ့ နားကြပ်ရဲ့ တည်နေရာကို ဆက်တိုက် လိုက်ရှာပါတယ်။ သူနဲ့အတူ သူငယ်ချင်းဖြစ်တဲ့ တွမ် နဲ့ ဟိုတယ်မှာ ဆုံတွေ့ခဲ့ပြီး AirPods ရှာပုံတော်မှာ ပါဝင်ချင်ခဲ့တဲ့ ကာရင်းမ်ဆိုတဲ့ ဒေသခံတစ်ဦးလည်း ပါပါတယ်။ 

"ဒါက စွန့်စားခန်းတစ်ခုပါ။ ပျောက်ဆုံးရတနာရှာတဲ့ ရုပ်ရှင်ကားတစ်ကားလို ခံစားရပါတယ်။ အကုန်လုံးက စိတ်လှုပ်ရှားစရာပါပဲ" လို့ လူးဝစ်က ဆိုပါတယ်။ 


လူးဝစ်တို့တစ်စုဟာ App က လမ်းညွှန်တဲ့အတိုင်း အဆောက်အဦတစ်ခုကနေ တစ်ခု တစ်ထပ်ပြီးတစ်ထပ် အခန်းတစ်ခန်းပြီးတစ်ခန်း Bluetooth နဲ့ ချိတ်ပြီး ရှာခဲ့ရာကေန နောက်ဆုံးမှာ သူ့နားကြပ်တွေ ရှိတဲ့ နေရာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ လူးဝစ်မှာ Serial Number ပါတဲ့ နားကြပ်ဗူးပါသွားခဲ့တာကြောင့် နားကြပ်တွေ ယူထားသူလည်း ပိုင်ရှင်အမှန်မို့ ပြန်ပေးလိုက်တယ်လို့ သိရပါတယ်။ လူးဝစ်လည်း သူ့နားကြပ်တွေ ပြန်ရလို့ ပျော်နေပါတယ်။ 

ဒီခရီးစဉ်အတွက် သူဟာ ပေါင် ၂၃၀၀ (မြန်မာငွေ သိန်း ၆၀ ကျော်) အကုန်အကျခံခဲ့ပါတယ်။ AirPods တစ်ခုအတွက် မိုင် ၄၀၀၀ ခရီးသွားပြီး ပေါင် ၂၃၀၀ အကုန်အကျခံခဲ့တဲ့ လူးဝစ်ရဲ့ လုပ်ရပ်ကတော့ တကယ့်ကို ဆန်းပြားနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က