သူ့ရဲ့ မိတ်ဆွေတွေလို စောစော မထွက်သွားချင်သေးဘူးလို့ ဆိုပါတယ်။

မိုးဒီဟာ အနုပညာအလုပ်တွေ အတူတွဲလုပ်ခဲ့ကြတဲ့ ဟာသသရုပ်ဆောင် မော့စ် နဲ့ ကင်းကောင် တို့ကို သတိရတဲ့အကြောင်းတွေ ပြောလာပါတယ်။ 

photo: moe Dee



ဟာသသရုပ်ဆောင်မိုးဒီကတော့ အရင်တုန်းက ဟာသပြက်လုံးတွေ အတူတူပြောခဲ့ကြတဲ့ မော့စ် နဲ့ ကင်းကောင်တို့ကို သတိရနေသေးတယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။ 

“အရင်တုန်းကရိုက်ခဲ့တဲ့ ဇာတ်ကားတွေ၊ ဟာသတွေ ပြန်ကြည့်ရင် မော့စ် တို့ ကင်းကောင်တို့က အမြဲ သတိရတာပေါ့။ သူတို့ကို ကြည့်ပြီး သြော်.. ငါမသေသေးဘူး။ သူတို့လို မဖြစ်အောင် စောစောမကွယ်လွန်ရလေအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်လေးထားပြီး မှတ်တယ်။ ဘဘက သေမှာ မကြောက်ဘူး။ ဘာကြောင့်လဲဆိုတော့ ကောင်းတာတွေအများကြီး လုပ်ခဲ့တာဖြစ်တဲ့အတွက် သေသွားလည်း မကောင်းတဲ့နေရာ မရောက်နိုင်ဘူးလို့ ထင်တယ်လေ။ မသေလည်း မသေချင်သေးဘူး။ အသိလေး ရှိတဲ့ အတွက် ကုသိုလ်တွေ လိုချင်သေးတယ်” ဆိုပြီးတော့ Shwe Series များ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

photo: moe Dee

မိုးဒီ ဟာ အခုဆိုရင် အသက် (၇၂) နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ သူ့အနေနဲ့ ပရိသတ်အတွက် ဟာသလေးတွေ ပြောဖြစ်နေသေးတယ်လို့လည်း သူကဆိုပါတယ်။ 

“ အရင်လို ဟာသလေးတွေလည်း ဘဘ ပြောနိုင်ပါသေးတယ်။ သက်ကြီး အငြိမ့် အနေနဲ့ လူကြီးတွေနဲ့ တွဲပြီး ကတယ်။ ပွဲတွေလည်း လိုက်ကပါသေးတယ်။ အခုဆိုရင် ဘဘ မြေးလေးကလည်း ယဉ်ကျေးမှု တက္ကသိုလ် ဇာတ်သဘင်ဌာနကနေ ဘွဲ့ရပြီးပြီ။ ကလေးတွေ ကျောင်းစုံညီပွဲတော်တို့ ဘာတို့ဆိုရင် သူအက လိုက်သင်ပေးတာတွေရှိတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။

photo: moe Dee

မိုးဒီဟာ " ဆူးပန်းခွေ နွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင်" ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပြီးဖြစ်သလို ရုပ်သံလိုင်းတွေမှာလည်း ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။ သူဟာ ဒီဇာတ်ကားကို ပုပ္ပါးမှာ ရိုက်ကူးနေရင်း အမောဖောက်ခဲ့တာကြောင့် ရန်ကုန်ကို ပြန်လာပြီး ဆေးကုသမှု ခံယူခဲ့သူဖြစ်ပါတယ်။ ကျန်းမာရေး မကောင်းပေမယ့်လည်း ဝါသနာပါတဲ့ အနုပညာအလုပ်ကို မစွန့်လွှတ်နိုင်သေးတဲ့ ဟာသသရုပ်ဆောင် လူရွှင်တော်ကြီးဖြစ်ပါတယ်။ သူဟာ ၂၀၀၇ ခုနှစ်တုန်းက "ကိုးဆယ်ဆ သာလိမ့်မယ်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ 

photo: moe Dee

မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပါတယ်။ တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာမျိုးစက်အနေနဲ့ သားဖြစ်သူ လူရွှင်တော် ဟာသသရုပ်ဆောင် ကောင်းစံ ကလည်း ပရိသတ်အားပေးမှုတွေ ရရှိထားတဲ့ ဟာသပညာရှင်တစ်ယောက်ပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က