MRT ရထား အတူစီးရင်း စကားစမြည်ပြောခဲ့ကြပါတယ်။

ခါးသီးတဲ့ နိုင်ငံရေးပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တိုတို့က ပြည်သူတွေကြား သဘောထားကွဲလွဲမှုတွေပင် ပေါ်ပေါက်စေခဲ့တဲ့ ရွေးကောက်ပွဲအပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဇူလိုင် ၁၃ ရက်နေ့မှာ တွေ့ဆုံခဲ့ကြရာ ပြန်လည်သင့်မြတ်ရေး နှစ်ဦးစလုံးက တိုက်တွန်းခဲ့ကြပါတယ်။

(ဆူဘီယန်တိုနှင့် သမ္မတဂျိုကိုဝီတို့ တွေ့ဆုံကြစဉ်) (Photo: Presidential Secretariat Press Bureau)

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့သူ ဆူဘီယန်တိုက ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပေးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးမှာ အရေးဆိုခဲ့ပေမဲ့လည်း ရှုံးနိမ့်ခဲ့ပြီးနောက် သီတင်းနှစ်ပတ်အကြာမှာ ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ဂျိုကိုဝီက ဆူဘီယန်တိုကို ရွေးကောက်ပွဲမှာ ဒုတိယအကြိမ် ထပ်မံ အနိုင်ရခဲ့တာဖြစ်ပြီး ၎င်းတို့နှစ်ဦးဟာ အင်ဒိုနီးရှားသမ္မတနေရာအတွက် ခါးသီးတဲ့ပြိုင်ဘကတွေ ဖြစ်ခဲ့ကြပါတယ်။


သို့သော် ဇူလိုင် ၁၃ ရက်မှာတော့ နောက်တစ်ကြိမ် ပြန်လည်ရွေးကောက်ခံသမ္မတ ဂျုကိုဝီနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တိုတို့ကို ဂျကာတာမြို့မှာ အသစ်စတင်ပြေးဆွဲတဲ့ MRT (mass rapid transit) ရထားပေါ်မှာ အတူတကွ လိုက်ပါစီးနင်းရင်း စကားစမြည်ပြောကာ ပြုံးရွှင်ရယ်မောစွာ မြင်တွေ့ကြရပါတယ်။

(အတူတကွ စားသောက်နေကြသည့် သမ္မတဂျိုကိုဝီနှင့် ဆူဘီယန်တို) (Photo: Presidential Secretariat Press Bureau)

ခါးသီးတဲ့ နိုင်ငံရေးပြိုင်ဘက်နှစ်ဦးက ရွေးကောက်ပွဲမှာ ထိပ်တိုက်တွေ့ ယှဉ်ပြိုင်ခဲ့ကြစဉ်က မတူကွဲပြားမှုတွေကို နောက်ချန်ထားခဲ့ပြီး ရထားတွဲတစ်တွဲပေါ်မှာ စကားစမြည်ပြောရင်း လိုက်ပါစီးနင်းခဲ့ကြပါတယ်။ ၎င်းတို့နှစ်ဦးက အခြား ခရီးသည်တွေနဲ့ မီဒီယာကိုလည်း စကားပြောခဲ့ကြကြောင်း သိရပါတယ်။

"လူတချို့က မေးကြတယ်ဗျ၊ ဆူဘီယန်တိုက ဘာလို့ ဂျိုကိုဝီကို ဂုဏ်ပြုစကားမပြောတာလဲလို့ပေါ့၊ ကျွန်တော်က သူ့ကို လူချင်းတွေ့ပြီး ဂုဏ်ပြုစကားပြောချင်ခဲ့တာဗျ" လို့ ဆူဘီယန်တိုက သမ္မတဂျိုကိုဝီရဲ့ ဘေးမှာရပ်လျက် ပြောခဲ့ပါတယ်။ "သမ္မတတစ်ယောက်ဖြစ်တာက လူတွေကို အလုပ်အကျွေးပြုခြင်းပါ၊ သူ ရင်ဆိုင်တွေ့ကြုံရမယ့် ပြဿနာတွေက အလွန်ကြီးမားပါတယ်၊ ကျွန်တော် သူ့ကို ကူညီဖို့အသင့်ပါပဲ" လို့လည်း ဗိုလ်ချုပ်ကြီးဟောင်းက ဆက်လက် ပြောပါတယ်။

(MRT အတူစီးခဲ့ကြသည့် ဂျိုကိုဝီနှင့် ဆူဘီယန်တို) (Photo: Presidential Secretariat Press Bureau)

၎င်းရဲ့ နှစ်ကြိမ်ဆက်တိုက် သမ္မတရွေးကောက်ပွဲပြိုင်ဘက်ဖြစ်သူ ဆူဘီယန်တိုက MRT ရထားသစ်ကို တစ်ကြိမ်မျှ အသုံးမပြုရသေးတာကို သိရှိထားခဲ့တာကြောင့် ယခုလို ရထားစီးရင်း တွေ့ဆုံကြရန် စီစဉ်ခဲ့တယ်လို့ သမ္မတဂျိုကိုဝီက ဆိုပါတယ်။

"ပရာဘိုဝို ဆူဘီယန်တိုနဲ့ တွေ့ဆုံနိုင်တဲ့ ဒီအစီအစဉ်အတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ကို ထောက်ခံသူတွေလည်း ကျွန်တော်တို့လိုပဲ သင့်မြတ်ကြဖို့ မျှော်လင့်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အားလုံးက တစ်နိုင်ငံတည်းသားတွေပဲလေ" လို့ အသက် ၅၈ နှစ်အရွယ် ဂျိုကိုဝီက ပြောပါတယ်။

(ပြည်သူတွေကို နှုတ်ဆက်နေသည့် ဆူဘီယန်တိုနှင့် ဂျိုကိုဝီ) (Photo: (Seto Wardhana/JP)

"တစ်ကမ္ဘာလုံးမှာ ပြိုင်ဆိုင်မှုတွေက ပိုပြင်းထန်လာတာကြောင့် နိုင်ငံတစ်နိုင်ငံအနေနဲ့ ညီညွတ်ကြပါစို့၊ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်တော်တို့ အတူတကွရှိနေဖို့လိုပါတယ်" လို့ သမ္မတဂျိုကိုဝီက ဖြည့်စွက် ပြောခဲ့ပါတယ်။ ယခုနှစ် အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲမှာ ဂျိုကိုဝီက မဲအရေအတွက် ၅၅.၅ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။

ပြိုင်ဘက်ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တိုက မဲအရေအတွက် ၄၄.၅ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ် ကြေညာခဲ့ပြီးနောက် ဆူဘီယန်တိုက လက်မခံဘဲ မဲပေးရာမှာ မသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ကြောင်းဖြင့် အခြေခံဥပဒေခုံရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပေမဲ့ ခုံရုံးက ပယ်ချခဲ့ပါတယ်။ ဆူဘီယန်တိုဟာ ၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာလည်း ဂျိုကိုဝီကို ရှုံးနိမ့်ခဲ့ပါတယ်။

သမ္မတရွေးကောက်ပွဲပြီးနောက် မေလအတွင်းမှာ ဆူဘီယန်တိုကို ထောက်ခံသူတွေက ဂျကာတာမြို့တော်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြရာမှ ဆူပူအုံကြွမှုတွေ ပေါ်ပေါက်ခဲ့ပါသေးတယ်။ ရဲတပ်ဖွဲ့နဲ့ ဆူပူအုံကြွသူများကြား နှစ်ညတိုင်တိုင် ထိပ်တိုက်တွေ့ ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူကိုးဦး သေဆုံးကာ ရာနဲ့ချီ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

Source: The Jakarta Post, AFP, CNA


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က