သူပုန်တွေ မြို့တော်သို့ ချီတက်လာနိုင်ကြောင်း စိုးရိမ်နေပြီး အစိုးရက တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာထားပါတယ်

အီသီယိုးပီးယားအစိုးရ တာဝန်ရှိသူတွေက နိုင်ငံရဲ့မြို့တော် Addis Ababa မြို့မှ မြို့ခံတွေကို လက်နက်များ စာရင်းသွင်းထားပြီး မိမိတို့ နေထိုင်ရာအရပ်ကို ကာကွယ်ရေးအတွက် အသင့်ပြင်ထားကြရန် တိုက်တွန်းထားပါတယ်။

သူပုန်တွေက Addis Ababa မြို့တော်သို့ ချီတက်လာနိုင်ကြောင်း စိုးရိမ်မှုများရှိနေစဥ် အစိုးရက ထိုသို့ တိုက်တွန်းလိုက်တာလည်း ဖြစ်ပါတယ်။ အီသီယိုးပီးယားမှာ Tigray People's Liberation Front (TPLF) လက်နက်ကိုင်အဖွဲ့က Addis Ababa မြို့မှ မိုင် ၂၅၀ ခန့်အကွာရှိ မြို့နှစ်မြို့ကို သိမ်းပိုက်လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အစိုးရထံမှတိုက်တွန်းချက် ထွက်ပေါ်လာခဲ့ပါတယ်။



(Photo: AFP)

လက်ရှိမှာ အီသီယိုးပီးယားအစိုးရက တစ်နိုင်ငံလုံးကိုလည်း အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ အမေရိကန်ကတော့ သူပုန်တွေအနေနဲ့ Addis Ababa မြို့ကို သိမ်းပိုက်ရေး မကြိုးစားကြရန် ပြောခဲ့ပါတယ်။ အီသီယိုးပီးယားရဲ့မြို့တော် Addis Ababa မြို့မှာ လူဦးရေ ၅ သန်းကျော် နေထိုင်ကြကြောင်း သိရပါတယ်။

Addis Ababa ကို ထိုးစစ်ဆင်မယ့် TPLF လှုပ်ရှားမှုမှန်သမျှ သို့မဟုတ် Addis Ababa ကို သိမ်းပိုက်မယ့် TPLF လှုပ်ရှားမှုမှန်သမျှကို ဆန့်ကျင်ကန့်ကွက်ပါတယ်

"Addis Ababa ကို ထိုးစစ်ဆင်မယ့် TPLF လှုပ်ရှားမှုမှန်သမျှ သို့မဟုတ် Addis Ababa ကို သိမ်းပိုက်မယ့် TPLF လှုပ်ရှားမှုမှန်သမျှကို ဆန့်ကျင်ကန့်ကွက်ပါတယ်" လို့ အာဖရိကဦးချိုဒေသဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်က ပြောပါတယ်။ အီသီယိုးပီးယားမြောက်ပိုင်း Tigray နယ်မြေမှာ အစိုးရတပ်နဲ့ TPLF တို့ကြား စစ်ပွဲဖြစ်ပွားနေခဲ့တာ တစ်နှစ်ကြာပြီ ဖြစ်ပါတယ်။

(Map: BBC)

ထိုကာလအတွင်း TPLF က ၎င်းတို့နယ်မြေနဲ့ ကပ်လျက်နယ်မြေတွေဖြစ်တဲ့ Amhara နဲ့ Afar တို့ကို ထိုးစစ်ဆင်ဝင်ရောက်ခဲ့ကြပါတယ်။ စစ်ပွဲ စတင်ဖြစ်ပွားချိန်မှ ယခုအထိ လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ကြပြီး လူဦးရေ ၂ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ လူဦးရေ ၄၀၀,၀၀၀ ငတ်မွတ်ခေါင်းပါးတဲ့ အခြေအနေနဲ့ နေထိုင်နေကြရကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားတဲ့ Tigray နယ်မြေကို သိမ်းပိုက်လိုတယ်လို့ TPLF က ပြောထားပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် တိုက်ပွဲတွေ မှားယွင်းဖြစ်ပွားနိုင်ပါတယ်၊ ဒါပေမဲ့ အဆုံးမှာတော့ နိုင်ငံက စစ်ပွဲကို အနိုင်ရပါလိမ့်မယ်

အစိုးရနဲ့ TPLF တို့ကြား အပစ်အခတ်ရပ်စဲရေး နိုင်ငံတကာက ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ကြောင်း သိရပါတယ်။ TPLF က မဟာဗျူဟာအရ အရေးပါတဲ့ Dessie နဲ့ Kombolcha မြို့တွေကို သိမ်းပိုက်ထားပြီဖြစ်ပြီး မြို့တော် Addis Ababa နဲ့ မိုင် ၂၀၀ ကျော်အကွာရှိ Kemise မြို့သို့ ဦးတည်ထိုးစစ်ဆင်ရန် ပြင်ဆင်ထားကြောင်း ပြောထားပါတယ်။

(Photo: RTE)

အစိုးရတာဝန်ရှိသူတွေက TPLF ရဲ့ ထိုပြောဆိုမှုကို အစောပိုင်းမှာ ဝါဒဖြန့်မှုအဖြစ် ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။ TPLF နဲ့အတူ နိုင်ငံခြားတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နေကြောင်း အီသီယိုးပီးယား ဝန်ကြီးချုပ် Ahmed Abiy က တနင်္လာနေ့ (‌နိုဝင်ဘာ ၁ ရက်) မှာ ရုပ်မြင်သံကြားမိန့်ခွန်းအတွင်း ထည့်သွင်းပြောခဲ့ပါတယ်။ ဝန်ကြီးချုပ်က နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကို မပြောခဲ့ဘဲ TPLF ဘက်က ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။

"အကြောင်းအမျိုးမျိုးကြောင့် တိုက်ပွဲတွေ မှားယွင်းဖြစ်ပွားနိုင်ပါတယ်၊ ဒါပေမဲ့ အဆုံးမှာတော့ နိုင်ငံက စစ်ပွဲကို အနိုင်ရပါလိမ့်မယ်" လို့ ဝန်ကြီးချုပ် Ahmed Abiy က ပြောပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ အီသီယိုးပီးယားရဲ့ စစ်ရေးပဋိပက္ခအခြေအနေ မည်သို့ဖြစ်လာမှာကို ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က