မန်ချက်စတာစီးတီးရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဂရီလစ်ရှ်က သူတို့အသင်းဟာ အိမ်ကွင်းအီတီဟတ်မှာဆိုရင် ရပ်တန့်လို့မရတဲ့ အသင်းဖြစ်တယ်လို့ ပြောဆိုကာ ရီးရဲလ်မက်ဒရစ်ကို သတိပေးလိုက်ပါတယ်။ ပထမအကျော့မှာ ၁ ဂိုးစီသရေကျခဲ့ပြီး မန်စီးတီးက ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ အိမ်ကွင်းအားသာချက်ရှိနေခဲ့ပြီဖြစ်ပါတယ်။
ဒီရာသီမှာ မန်စီးတီးက အိမ်ကွင်းရလဒ်ပိုင်းကောင်းမွန်နေပြီး အိမ်ကွင်း နောက်ဆုံး ၁၄ ပွဲဆက်တိုက်အနိုင်ရရှိထားကာ ၄၉ ဂိုးသွင်းပြီး ၇ ဂိုးသာ ပြန်ပေးထားခဲ့ရပါတယ်။ ဒါ့အပြင် ဒီရာသီ အိမ်ကွင်းရှုံးပွဲကလည်း တပွဲတည်းရှိခဲ့ကာ ချန်ပီယံလိဂ်မှာလည်း အိမ်ကွင်းနောက်ဆုံးရှုံးပွဲက ၂၀၁၈ ဧပြီလအတွင်းက ဖြစ်လို့ သူတို့ရဲ့ အိမ်ကွင်းမှတ်တမ်းက အထင်ကြီးစရာကောင်းလွန်းပါတယ်။
မနေ့ညက ပွဲအပြီးမှာ ဂရီလစ်ရှ်က "အီတီဟတ်မှာဆိုရင် လက်ရှိအခိုက်အတန့်မှာ ကျနော်တို့ကို ရပ်တန့်လို့မရဘူးလို့ ခံစားရပါတယ်၊ ဒီနေ့ ဘာနေဗျူးကို အနိုင်ကစားဖို့အတွက် ကျနော်တို့ လာခဲ့တာပါ၊ ဒါပေမယ့် ဂိုးပေးလိုက်ရပြီးနောက်မှာ ကျနော်တို့ရဲ့ ပုံစံကောင်းကို ပြနိုင်ပြီး ပြန်လာနိုင်ခဲ့ပါတယ်၊ မျှတတဲ့ ရလဒ်ပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။
မန်စီးတီးဟ ပြိုင်ပွဲစုံအားဖြင့် အိမ်ကွင်းရှုံးပွဲမရှိတာ ၂၁ ပွဲအထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။ တဖက်မှာလည်း ရီးရဲလ်မက်ဒရစ်က မန်စီးတီးအိမ်ကွင်းမှာ တကြိမ်မှ အနိုင်မရဖူးတဲ့ မှတ်တမ်းရှိနေလို့ ဂွါဒီယိုလာအတွက်တော့ ဒါတွေက အားတခုအဖြစ်ရှိနေပြီး ချန်ပီယံလိဂ်ဘုရင်ကြီးကို သူတို့ ဖြုတ်ချနိုင်မလား စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။