အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ သမ္မတကတော် မီလာနီယာထရန့်တို့က အီရတ်နိုင်ငံရှိ အမေရိကန်စစ်သည်များထံ ကြိုတင်ကြေညာမထားဘဲ ခရစ်စမတ်ခရီးစဉ်အဖြစ် သွားရောက်တွေ့ဆုံခဲ့ပါတယ်။
(Photo: AFP)
သမ္မတထရန့်နဲ့ သမ္မတကတော်မီလာနီယာတို့က အီရတ်ကိုသွားရောက်ကာ အမေရိကန်စစ်သည်တွေကို ၎င်းတို့ရဲ့ တာဝန်ထမ်းဆောင်မှု၊ အောင်မြင်မှုနဲ့ စွန့်လွှတ်ပေးဆပ်မှုတို့အတွက် ကျေးဇူးတင်စကားပြောခဲ့တယ်လို့ အိမ်ဖြူတော်ကဆိုပါတယ်။ အီရတ်ခရီးစဉ်ဟာ ထရန့်အတွက် သမ္မတဖြစ်ပြီးနောက်ပိုင်း အမေရိကန်တပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်နေတဲ့ ပဋိပက္ခဖြစ်ပွားရာ နယ်မြေတစ်ခုကို ထမဆုံးအကြိမ် သွားရောက်ခဲ့မှုလည်း ဖြစ်ပါတယ်။
သမ္မတထရန့်ဟာ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၂၆ ရက်) ည ၇ နာရီ ၁၅ မိနစ်မှာ အီရတ်အနောက်ပိုင်းရှိ အယ်လ်အာဆတ် လေတပ်အခြေစိုက်စခန်းကို ရောက်ရှိခဲ့တယ်လို့ AFP သတင်းက ပြောပါတယ်။ သမ္မတထရန့်နဲ့ သမ္မတကတော် မီလာနီယာတို့က အထူးတပ်ဖွဲ့ဝင်အများစု ပါဝင်တဲ့ အမေရိကန်စစ်မှုထမ်း ၁၀၀ ခန့်နဲ့ တွေ့ဆုံနှုတ်ဆက်ပြီး စကားပြောခဲ့ကြပါတယ်။
(Photo: CNN)
ထရန့်က ပြန်လည်မထွက်ခွာမီမှာ အမေရိကန်တပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့လည်း သီးခြားတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ ယခုခရီးစဉ်အတွင်း သမ္မတထရန့်နဲ့ အီရတ်ဝန်ကြီးချုပ် အက်ဒဲလ် အက်ဘ်ဒဲလ် မက်ဟ်ဒီတို့ တွေ့ဆုံရန်စီစဉ်ထားခဲ့ပေမဲ့ အစီအစဉ်ကိုဖျက်လိုက်ပြီး ဖုန်းဖြင့်သာ ဆက်သွယ်စကားပြောခဲ့တယ်လို့ အီရတ်ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
အိမ်ဖြူတော်က ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာ သမ္မတထရန့်တို့ ဇနီးမောင်နှံက အမေရိကန်စစ်သည်တွေကို ပြုံးရွှင်စွာဖြင့် တရင်းတနှီး စကားပြောဆို နှုတ်ဆက်နေတာ တွေ့ရပါတယ်။ ထရန့်နဲ့မီလာနီယာတို့က အယ်လ်အာဆတ် လေတပ်အခြေစိုက်စခန်းမှာ သုံးနာရီခန့်ကြာ နေခဲ့ကြတယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။
(Photo: CNN)
အီရတ်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့တွေကို ရုပ်သိမ်းသွားရန် အစီအစဉ်မရှိကြောင်းလည်း ထရန့်က ယခုခရီးစဉ်မှာ ပြောခဲ့ပါတယ်။ အီရတ်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀ ခန့် တပ်စွဲထားဆဲဖြစ်ပြီး အစိုးရကို ကူညီထောက်ပံ့ရန်နဲ့ အိုင်အက်စ်အကြမ်းဖက်အုပ်စုမှ အကြွင်းအကျန်တွေကို တိုက်ခိုက်ရန်ဖြစ်တယ်လို့ ဆိုပါတယ်။
သမ္မတထရန့်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆီးရီးယားနဲ့ အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်ဖွဲ့တွေကို ရုပ်သိမ်းသွားမယ်လို့ ဆုံးဖြတ်ကြေညာခဲ့ရာ ဝေဖန်မှုတွေကြုံခဲ့ရပါတယ်။ ဆီးရီးယားမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၂,၀၀၀ ခန့်နဲ့ အာဖဂန်မှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၁၄,၀၀၀ အနက် ထက်ဝက်ခန့်ကို ရုပ်သိမ်းသွားမယ်လို့ သမ္မတထရန့်က ပြောထားပါတယ်။