ညီအကိုအချင်းချင်း အပြန်အလှန်စွပ်စွဲပုတ်ခတ်နေကြပါတယ်။

ပေါ့ဂ်ဘာတယောက်ကတော့ အကိုအရင်းဖြစ်သူရဲ့ ပါဝင်ပတ်သက်နေမှုနဲ့အတူ ခြိမ်းခြောက်ငွေညှစ်မှုတွေကို ရင်ဆိုင်ခဲ့ရတာကို ရဲတိုင်လိုက်ရပါပြီ။ ဒီ ခြိမ်းခြောက်ငွေညှစ်မှုမှာ အကိုဖြစ်သူ မက်သီးယပ်စ်နဲ့ ပေါ့ဂ်ဘာရဲ့ သူငယ်ချင်းတွေ ပါဝင်ပတ်သက်နေတာလို့ ကာယကံရှင်က ဖွင့်ဟခဲ့ပြီး သူ့ဆီကနေ ယူရို ၁၃ သန်းအထိ ခြိမ်းခြောက်တောင်းဆိုခဲ့တယ်လို့ ပေါ့ဂ်ဘာက ဖွင့်ဟခဲ့တာပါ။ 

ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ပြင်သစ်အတွက်ကစားပေးဖို့ ပဲရစ်ကို ပြန်ချိန်မှာ ပေါ့ဂ်ဘာကို သူ့သူငယ်ချင်းတွေက တိုက်ခန်းတခုစီ ခေါ်သွားခဲ့ပြီး ဘောလုံးသမားဖြစ်ချိန်ကစပြီး သူတို့ကို ငွေကြေးပိုင်းဆိုင်ရာကူညီမှုတွေ မလုပ်ခဲ့လို့ဆိုပြီး အပြစ်တင်ပြောဆိုခဲ့ကြပါတယ်။ အဲဒီထဲမှာ သေနတ်ကိုင်ထားပြီး မျက်နှာဖုံးတပ်ထားတဲ့သူနှစ်ယောက်လည်းပါဝင်ခဲ့ပြီး ပေါ့ဂ်ဘာကို ၁၃နှစ်တိုင်တိုင် နောက်ကွယ်ကနေ ကာကွယ်ပေးခဲ့မှုအတွက် ဝန်ဆောင်ခဆိုပြီး ယူရို ၁၃ သန်းတောင်းခဲ့တယ်လို့ ဆိုပါတယ်။ 

မန်ချက်စတာမှာလည်း ခြိမ်းခြောက်ငွေညှစ်သူတွေနဲ့ ပေါ့ဂ်ဘာက ခဏခဏတွေ့ခဲ့ရပြီး ဂျူဗီလေ့ကျင့်ရေးကွင်းမှာ သူ့ကိုခြိမ်းခြောက်ခဲ့သူတွေထဲမှာ အကိုဖြစ်သူ မက်သီးယပ်စ်ပါ ပါဝင်နေတာကို ပေါ့ဂ်ဘာက သိသွားခဲ့တဲ့နောက် ရဲကို အကြောင်းကြားခဲ့တာပါ။ ပေါ့ဂ်ဘာရဲ့ အကိုကလည်း ပြီးခဲ့တဲ့ရက်ပိုင်းကမှ လူမှုကွန်ရက်ပေါ်မှာ "ပေါ့ဂ်ဘာနဲ့ပတ်သက်ပြီး အားလုံးသိအောင်ဖွင့်ချမယ်" လို့ ရေးခဲ့ပါသေးတယ်။ 

Blackmail တွေ လုပ်ဖို့အထိပါ မက်သီးယပ်စ်က ပြင်ဆင်ထားပြီး အဲဒီထဲမှာ ဘတ်ပီကို ခြေစွမ်းမပြနိုင်အောင် ပေါ့ဂ်ဘာက ကျိန်စာတိုက်မယ်ဆိုတဲ့ အကြောင်းလည်း ပါဝင်နေပါတယ်။ ပေါ့ဂ်ဘာကတော့ အဲဒီလုပ်ရပ်က မမှန်ကန်ဘူးလို့ ငြင်းခဲ့ပြီး ဒီလိုမဟုတ်တာတွေပြောပြီး သူ့ကို ငွေညှစ်ဖို့ အကိုဖြစ်သူက လုပ်နေတာလို့ ပြန်ရှင်းထားပါတယ်။ 


တော်တော်လေးတော့ ရှုပ်ထွေးတဲ့ ကိစ္စပါ။ ပေါ့ဂ်ဘာက ညီအကိုတွေထဲမှာ အအောင်မြင်ဆုံးကစားသမားဖြစ်ပြီး သူ့အကိုတွေက မက်သီးယပ်စ်ပေါ့ဂ်ဘာနဲ့ ဖလော်ရန်တင်ပေါ့ဂ်ဘာတို့ပါ။ အခုတော့ ညီအကိုအချင်းချင်းပါ ခြိမ်းခြောက်ငွေညှစ်တဲ့အဆင့်ထိဖြစ်လာခဲ့ပါတယ်။ မက်သီးယပ်စ်ကတော့ ပေါ့ဂ်ဘာက လိမ်ညာနေတာသာဖြစ်ပြီး လူတွေကို လှည့်ဖြားနေသလို ဘတ်ပီကိုလည်း မင်းအနားမှာ သစ္စာဖောက်ကြောင်သူတောင်တယောက်ရှိနေမှာ ငါမလိုလားဘူးလို့ ဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က