အီရတ်နိုင်ငံ မိုဆူးလ်မြို့ရှိ တီဂရစ်မြစ်ထဲမှာ ကူးတို့သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ပြီးနောက် လူ ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
(Photo: Reuters)
ကူးတို့သင်္ဘောပေါ်မှာ ခရီးသည် ၂၀၀ နီးပါးအထိ လိုက်ပါလာခဲ့တယ်လို့ ယူဆရပြီး အများစုဟာ ရေမကူးတတ်ကြဘူးလို့ မိုဆူးလ် ပြည်သူ့ကာကွယ်ရေးဌာန အကြီးအကဲက ပြောပါတယ်။ နစ်မြုပ်ခဲ့တဲ့ ကူးတို့သင်္ဘောဟာ ကာဒစ်နှစ်သစ်ကူးပွဲ ဆင်နွှဲနေကြမှုအဖြစ် အပန်းဖြေကျွန်းတစ်ကျွန်းကို ဦးတည်ခုတ်မောင်းနေခဲ့တယ်လို့ သိရပါတယ်။
သင်္ဘောနစ်မြုပ်မှုဖြစ်ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်ကျန်သူတွေကို ရှာဖွေနေပါတယ်။ ကူးတို့သင်္ဘောနစ်မြုပ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် အီရတ်ဝန်ကြီးချုပ် Adbel Abdul Mahdi က ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ မိုဆူးလ် ရေလှောင်ဆည်မှ ရေထွက်ပေါက်ဖွင့်ထားမှုကြောင့် မြစ်ရေများ မြင့်တက်လာနိုင်ကြောင်း အာဏာပိုင်တွေက သတိပေးထားခဲ့တယ်လို့လည်း Reuters သတင်းက ပြောပါတယ်။
ကူးတို့သင်္ဘောလိုင်းက အဆိုပါ အာဏာပိုင်တွေရဲ့ သတိပေးချက်ကို ဂရုမစိုက်ခဲ့ကြောင်း စွပ်စွဲမှုအချို့လည်း ရှိနေပါတယ်။ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတွေအရ ကူးတို့သင်္ဘောဟာ တိမ်းမှောက်နေပြီး လူတွေက ရေစီးသန်နေတဲ့ မြစ်အတွင်း ပေါလောပေါ်နေတာ တွေ့ခဲ့ရပါတယ်။
(Photo: Reuters)
ကူးတို့သင်္ဘောဟာ မိုဆူးလ်မြို့လယ်ရဲ့ မြောက်ဘက် ၂.၅ မိုင်အကွာ မြစ်ညာဘက်ရှိ Umm Rabaen ကျွန်းသို့ ခုတ်မောင်းသွားနေစဉ် နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။ အဆိုပါကျွန်းရှိရာ ဒေသတစ်ဝှမ်းမှာ ကာဒစ်လူမျိုးတွေရဲ့ နှစ်သစ်ကူးပွဲဆင်နွှဲနေကြတယ်လို့ သိရပါတယ်။
အီရတ်နိုင်ငံ မိုဆူးလ်မြို့ကို ၂၀၁၄ ခုနှစ်မှာ အိုင်အက်စ်အုပ်စုက သိမ်းပိုက်ခဲ့ပြီး ၎င်းတို့ရဲ့ ထိန်းချုပ်မှုအောက် ကျရောက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာတော့ အီရတ်အစိုးရတပ်ဖွဲ့က မိုဆူးလ်ကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။