အီတလီနဲ့ ကာဇက်စတန်နိုင်ငံက အန်းဒရိုက်နဲ့ Apple စမတ်ဖုန်းတွေဟာ အီတလီကုမ္ပဏီထုတ် Hacking Tools တွေရဲ့ စနစ်ဖောက်ထွင်းမှုခံခဲ့ရတယ်လို့ Google ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
မီလန်မြို့အခြေစိုက် သူလျှိုထောက်လှမ်းရေး Tools တွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုရဲ့ Tools တွေကို သုံးပြီး အီတလီနဲ့ ကာဇက်စတန်က Apple နဲ့ Android ဖုန်းတွေကို Spy လုပ်တာ တွေ့ရတယ်လို့ ကြာသာပတေးနေ့က Google ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ RCS Lab လို့ခေါ်တဲ့ အီတလီကုမ္ပဏီဟာ ပစ်မှတ်ထားထုတ်ကုန်တွေရဲ့ လျှို့ဝှက်မက်ဆေ့ချ်နဲ့ Contacts တွေကို ထောက်လှမ်းဖို့ Tools တွေ ထုတ်လုပ်နေတာပါ။
Spyware (သူလျှိုထောက်လှမ်းရေး ဆော့ဖ်ဝဲလ်) ရောင်းချ/တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းဥပဒေသစ်တွေ ချမှတ်ဖို့ ဥရောပနဲ့ အမေရိကန်လွှတ်တော်အမတ်တွေ သုံးသပ်မှုလုပ်လာချိန်မှာ RCS Lab နဲ့ ပတ်သက်တဲ့ Google ရဲ့ တွေ့ရှိချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
"ဒီလုပ်ငန်းလုပ်သူတွေဟာ (Spyware ရောင်းသူ) အန္တရာယ်ကြီးတဲ့ Hacking Tools တွေ များလာအောင် လုပ်နေတာပါ။ ကိုယ်ပိုင် In-House ထောက်လှမ်းရေးစနစ်တွေ မထုတ်နိုင်တဲ့ အစိုးရတွေကိုလည်း လက်နက်တပ်ဆင်ပေးနေတာပါပဲ" လို့ Google က ဆိုပါတယ်။
RCS Lab ဘက်က ကုမ္ပဏီရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေဟာ ဥရောပဥပဒေတွေအတိုင်း ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးမှာပါ အထောက်အကူပြုနေတယ်လို့ တုံ့ပြန်ပါတယ်။ "RCS Lab ဝန်ထမ်းတွေက ဖွင့်ချတာမျိုး မလုပ်သလို ကာယကံရှင်ဖောက်သည်တွေ လုပ်တဲ့ လုပ်ရပ်တွေမှာလည်း ပါဝင်ခြင်း မရှိပါဘူး" လို့ Reuters ကို ပေးပို့တဲ့ ကုမ္ပဏီရဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။
ကုမ္ပဏီရဲ့ ထုတ်ကုန်တွေ တလွဲအသုံးချတာတွေကိုလည်း ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။ Google ကတော့ Android OS စနစ် သုံးစွဲသူတွေကို ကာကွယ်ဖို့ ခြေလှမ်းပြင်ထားပြီး Spyware အကြောင်း သတိပေးနှိုးဆော်ချက်တွေ လုပ်သွားမယ်လို့ ပြောပါတယ်။ Apple နဲ့ အီတလီ ၊ ကာဇက်စတန်အစိုးရတွေကတော့ မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။
ကမ္ဘာနဲ့အဝှမ်းမှာ အစိုးရအဖွဲ့တွေရဲ့ Spyware သုံးစွဲမှု မြင့်တက်လာနေပြီး တရားဥပဒေမဏ္ဍိုင်အဖွဲ့တွေအတွက် ကြားဖြတ်ထောက်လှမ်းမှုလုပ်တဲ့ Tools တွေ ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီလည်း များများလာနေပါတယ်။ စောင့်ကြည့်ခံရမှုကို ကန့်ကွက်ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေက တချို့ကိစ္စတွေမှာ အခုလို hacking tools တွေ သုံးနိုင်အောင် အစိုးရတွေအတွက် ဆော့ဖ်ဝဲလ်ထုတ်ပေးနေတာဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံသားရပိုင်ခွင့်တွေ ချိုးဖျက်ရာရောက်တယ်လို့ ပြောနေကြပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းကလည်း အစိုးရအဖွဲ့အစည်းတွေဟာ အစ္စရေးထောက်လှမ်းရေးကုမ္ပဏီ NSO ထုတ် Pegasus Spyware သုံးပြီး ဂျာနယ်လစ် ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အတိုက်အခံနိုင်ငံရေးသမားတွေကို သူလျှိုထောက်လှမ်းခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။