စပိန်ကတော့ နောက်ကျဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ စပိန်နဲ့ အီတလီတို့ရဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဥ်မှာတော့ စပိန်က အီတလီကို ၂-၁ ဂိုးနဲ့ အနိုင်ယူကာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အနိုင်ရရှိခဲ့တဲ့ စပိန်ဟာ ဗိုလ်လုပွဲမှာတော့ ခရိုအေးရှားနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။



ဒီပွဲမှာ စပိန်က အူနိုင်းဆိုင်မွန်၊ ဂျီးဆပ်စ်နာဗက်စ်၊ လာပေါ့တ်၊ အယ်လ်ဘာ၊ ရိုဒရီ၊ ရိုဒရီဂို၊ ဂါဗီ၊ ယယ်ရီမီ၊ မိုရာတာတို့ ပွဲထွက်ကစားခဲ့ပါတယ်။ အီတလီကတော့ ဒွန်နာရမ်မာ၊ ဘိုနူချီ၊ အဆာဘီ၊ ဒီလော်ရန်ဇို၊ ဂျော်ဂျင်ဟို၊ ဘာရီလာ၊ စပင်နာဇိုလာ၊ အီမိုဘီလီ၊ ဇာနီယိုလိုတို့ ပွဲထွက်ကစားခဲ့ပါတယ်။

ဒီပွဲမှာ စပိန်က ဦးဆောင်ဂိုး အရင်သွင်းနိုင်ခဲ့သလို တစ်ပွဲလုံးမှာလည်း ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးပေါက်ကန်သွင်းခွင့်အသာနဲ့ အီတလီကို ဦးဆောင် ကစားနိုင်ခဲ့ပါတယ်။ စပိန်အတွက် အဖွင့်ဂိုးကိုတော့ ပွဲကစားချိန် (၃) မိနစ်မှာ ယယ်ရီမီက သွင်းယူခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ပွဲကစားချိန် (၁၁) မိနစ်မှာ အီမိုဘီလီက ပင်နယ်တီကတစ်ဆင့် အီတလီအတွက် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် (၁၀) မိနစ်အကြာမှာပဲ အီတလီတို့ ဦးဆောင်ဂိုး ပြန်ရခဲ့ပေမယ့် ဖရက်တီဆီရဲ့ သွင်းဂိုးက VAR နဲ့ ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ နှစ်သင်းလုံးက အပြောင်းအလဲတွေ လုပ်ခဲ့ပြီး မိုရာတာ၊ ဒါမီယန်၊ ဒီမာကို၊ ချီယေဆာ၊ အန်ဆုဖလာတီ၊ ဗာရက်တီတို့ ဝင်ကစားခဲ့ပါတယ်။

စပိန်အတွက် အနိုင်ဂိုးကိုတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တောက်လျှောက် ခြေစွမ်းပြခဲ့တဲ့ ဟိုဆေးလူက လူစားဝင်လာပြီး (၄) မိနစ်အကြာမှာပဲ သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ စပိန်တို့ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နေးရှင်းလိဂ်ဗိုလ်လုပွဲအဖြစ် လာမယ့်ဇွန်လ (၁၉) ရက်နေ့မှာ ခရိုအေးရှားနဲ့ ရင်ဆိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က