အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ မနေ့ညက အီတလီကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို - ၂၀၂၄ ခြေစစ်ပွဲအပြီးမှာ အသင်းဖော်တွေကို ချီးကျူးသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အင်္ဂလန်တို့ လာမယ့်နွေရာသီမှာ ကျင်းပမယ့် ဂျာမနီယူရိုပွဲအတွက် ခြေစစ်ပွဲ အောင်သွားခဲ့ပါပြီ။
အဆိုပါပွဲမှာ အင်္ဂလန်တို့ ဆာကာမာကာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခံခဲ့ရပေမယ့် ဟယ်ရီကိန်းရဲ့သွင်းဂိုးနှစ်ဂိုး၊ ရပ်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးတစ်ဂိုးနဲ့အတူ ၃-၁ ဂိုးနဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ အင်္ဂလန်တို့ အီတလီနဲ့ပွဲမှာ သရေတစ်မှတ်ရရုံနဲ့ ခြေစစ်ပွဲအောင်မြင်မှာပါ။
ဒါပေမယ့် အမှားအယွင်းမရှိအောင် ကစားသွားခဲ့ပြီး အနိုင်ရလဒ်နဲ့အတူ ခြေစစ်ပွဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဟယ်ရီကိန်းက “မြင်တဲ့အတိုင်း ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့က တကယ်ကို ခက်ခဲကြမ်းတမ်းတဲ့ အုပ်စုထဲကို ကျရောက်ခဲ့တာပါ”
“ဒါပေမယ့် အချို့သော ရလဒ်ကောင်းတွေ၊ စွမ်းဆောင်ရည်ကောင်းတွေအတွက် အသင်းဖော်တွေကို ချီးကျူးရပါမယ်။ အဲ့ဒီအချက်တွေကြောင့်သာ ကျွန်တော်တို့ ဒီနေ့မှာ အခုလိုမျိုး ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ”
“ကျွန်တော်တို့ တစ်ဂိုးဂိုးမရှိနဲ့ ဦးဆောင်ခံလိုက်ရပေမယ့် အေးအေးဆေးဆေးနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ နိုင်ပွဲရဖို့ လုံလောက်တဲ့ ခြေစွမ်းမျိုးကို ပြသခဲ့ပြီး ကျွန်တော်တို့ လုပ်လည်း လုပ်ပြနိုင်ခဲ့ပါတယ်။ ဒါက ခက်ခဲတဲ့ ခရီးတစ်ခုဖြစ်ခဲ့ပြီး နှစ်ပွဲကျန်နေချိန်မှာ ခြေစစ်ပွဲ အောင်မြင်ခဲ့တာက ပါဝင်ခဲ့တဲ့သူတိုင်းကို ချီးကျူးရမယ့်ကိစ္စပါ” လို့ ပြောကြားသွားခဲ့ပါတယ်။