အီတလီနိုင်ငံကို ဆိုက်ကပ်လာတဲ့ အပျော်စီးသင်္ဘောကြီးတစ်စီးပေါ်မှာ တရုတ်နိုင်ငံမှ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရကြောင်း သံသယရှိသူ တွေ့ရှိရပြီးနောက် သင်္ဘောပေါ်မှ လိုက်ပါလာသူတွေကို ဆင်းခွင့်မပေးဘဲ ပိတ်ပင်ထားခဲ့ပါတယ်။
(Photo: AP)
ကမ္ဘာလှည့်ခရီးသည်နဲ့ အမှုထမ်းများ အပါအဝင် လူဦးရေ ၇,၀၀၀ ခန့် လိုက်ပါလာတဲ့ အဆိုပါ အပျော်စီးသင်္ဘောဟာ အီတလီဆိပ်ကမ်းတစ်ခုကို ယနေ့ (ဇန်နဝါရီ ၃၀ ရက်) ဆိုက်ကပ်လာခဲ့တာ ဖြစ်ပါတယ်။ Costa Smeralda အပျော်စီးသင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေအနက် မကာအိုမှ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးဟာ ကိုယ်ပူပြီး နာမကျန်းဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
သူမရဲ့ ခင်ပွန်းကတော့ နားမကျန်းဖြစ်တဲ့ လက္ခဏာမတွေ့ရသေးပါဘူး။ ကိုယ်ပူနေတဲ့ အမျိုးသမီးကို သင်္ဘောပေါ်မှာ ချက်ချင်း သီးသန့်ခွဲထားခဲ့ပြီး ဆရာဝန်သုံးဦးနဲ့ သူနာပြုတစ်ဦးတို့က ၎င်းတို့နှစ်ဦးလုံးကို အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်အတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။
(Photo: AP)
Costa Smeralda အပျော်စီးသင်္ဘောဟာ ရောမြို့မှ ၃၅ မိုင်အကွာ Civitavecchia မြို့ရှိ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပြီး လိုက်ပါလာသူအားလုံးကို ဆင်းခွင့်မပေးဘဲထားရှိကြောင်း သိရပါတယ်။ သင်္ဘောကြီးပေါ်မှာ ခရီးသည် ၆,၀၀၀ နဲ့ သင်္ဘောအမှုထမ်း ၁,၀၀၀ လိုက်ပါလာခဲ့တာ ဖြစ်ပါတယ်။
အီတလီဆိပ်ကမ်းမှာ ခရီးသည်များဆင်းခွင့် ပိတ်ပင်ထားတဲ့ Costa Smeralda သင်္ဘောဟာ ပဉ္စမမြောက် ကမ္ဘာ့အကြီးဆုံး အပျော်စီးသင်္ဘောကြီးဖြစ်ပြီး လတ်တလောအတွင်း မြေထဲပင်လယ်အနောက်ပိုင်းမှာ တစ်ပတ်ကြာ အပျော်ခရီးစဥ် ခုတ်မောင်းသွားနေခဲ့တာဖြစ်ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။
(Photo: Flippo64416163/Twitter)
အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရကြောင်း သံသယရှိ အမျိုးသမီးနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ဇန်နဝါရီ ၂၅ ရက်နေ့က အီတလီနိုင်ငံ မီလန်မြို့ကနေ ဟောင်ကောင်ကို လေကြောင်းခရီးဖြင့် သွားရောက်ခဲ့ကြပြီးနောက် အပျော်စီးသင်္ဘောမှာ လိုက်ပါလာခဲ့ကြကြောင်း အီတလီမီဒီယာက ပြောပါတယ်။
ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ လူတွေကို ကူးစက်ခံရမှု စတင်တွေ့ရှိခဲ့ရတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ကြောင့် ယနေ့အထိ တရုတ်ပြည်မကြီးမှာ လူ ၁၇၀ ဦး သေဆုံးပြီး လူ ၈,၁၂၄ ဦးမှာ ကူးစက်ခံထားရပါတယ်။ တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၈,၂၃၉ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။
(Photo: AFP via Getty Images)
တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ယနေ့အထိ ထိုင်းမှာ ၁၄ ဦး၊ စင်ကာပူမှာ ၁၃ ဦး၊ ဂျပန်မှာ ၁၁ ဦး၊ ဟောင်ကောင်မှာ ၁၀ ဦး၊ ထိုင်ဝမ်မှာ ၉ ဦး၊ ဩစတြေးလျမှာ ၉ ဦး၊ မလေးရှားမှာ ၈ ဦး၊ မကာအိုမှာ ၇ ဦး၊ တောင်ကိုရီးယားမှာ ၆ ဦး၊ အမေရိကန်မှာ ၅ ဦး၊ ပြင်သစ်မှာ ၅ ဦး၊ ဂျာမနီမှာ ၄ ဦး၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ ၄ ဦး၊ ကနေဒါမှာ ၃ ဦး၊ ဗီယက်နမ်မှာ ၂ ဦး၊ ကမ္ဘောဒီးယားမှာ ၁ ဦး၊ ဖင်လန်မှာ ၁ ဦး၊ နီပေါမှာ ၁ ဦး၊ အိန္ဒိယမှာ ၁ ဦး၊ ဖိလစ်ပိုင်မှာ ၁ ဦးနဲ့ သီရိလင်္ကာမှာ ၁ ဦး စစ်ဆေးတွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။
WHO က ယခုဗိုင်းရပ်စ်ကို Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားပါတယ်။ ထိုဗိုင်းရပ်စ်စတင်ရာ အဓိကရင်းမြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။
(Photo: Reuters)
2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။ ယနေ့အထိ 2019-nCoV ဗိုင်းရပ်စ်ကူးစက်ခံမှုတွေကို တရုတ်ပြည်မကြီး အပါအဝင် နိုင်ငံနဲ့ နေရာဒေသ ၂၂ ခုမှာ စစ်ဆေးတွေ့ရှိ အတည်ပြုထားပါတယ်။
ထိုအတောအတွင်း တရုတ်ပြင်ပ နိုင်ငံသုံးခုဖြစ်တဲ့ ဂျာမနီ၊ ဗီယက်နမ်နဲ့ ဂျပန်တို့မှာ လူတစ်ဦးမှတစ်ဦးသို့ ဗိုင်းရပ်စ်အသစ် ကူးစက်မှုဟာ စိုးရိမ်စရာဖြစ်နေပြီး ကျွမ်းကျင်သူတွေက ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာရန် အစည်းအဝေး ပြန်လုပ်သွားမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ပြောထားကြောင်း သိရပါတယ်။