အီတလီနိုင်ငံမှာ COVID-19 ရောဂါဗိုင်းရပ်စ်ကြောင့် နေ့စဥ် သေဆုံးသူဦးရေ နှစ်ရက်ဆက်တိုက် လျော့ကျခဲ့ကြောင်း သိရပါတယ်။
အီတလီမှာ တနင်္လာနေ့ (မတ်လ ၂၃ ရက်) က ဗိုင်းရပ်စ်ကြောင့် နောက်ထပ် ၆၀၁ ဦး သေဆုံးခဲ့ပါတယ်။ ထိုအရေအတွက်ဟာ စနေနေ့ (မတ် ၂၁ ရက်) က ဗိုင်းရပ်စ်ကြောင့် ၇၉၃ ဦး သေဆုံးခဲ့ပြီး နေ့စဥ် သေဆုံးသူဦးရေ အများဆုံးစံချိန်တင်ခဲ့ရာမှ ဒုတိယမြောက်နေ့အဖြစ် သေဆုံးမှုနှုန်း ဆက်တိုက်လျော့ကျခဲ့တာလည်း ဖြစ်ပါတယ်။
တနင်္ဂနွေနေ့ (မတ်လ ၂၂ ရက်) ကလည်း ဗိုင်းရပ်စ်ကြောင့် ၆၅၁ ဦး သေဆုံးခဲ့ပြီး ယခင်ရက်ကထက် သေဆုံးမှုလျော့ကျခဲ့ပါတယ်။ မတ်လ ၂၃ ရက် ညပိုင်းအထိ စာရင်းတွေအရ အီတလီမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၃,၉၂၇ ဦး တွေ့ရှိရပြီး သေဆုံးသူအရေအတွက် ၆,၀၇၇ ဦးအထိရှိခဲ့ကြောင်း သိရပါတယ်။
ဗိုင်းရပ်စ်ကူးစက်ခံရသူ နေ့စဥ် အသစ်တွေ့ရှိရမှုဟာလည်း မတ်လ ၂၁ ရက်နေ့က ၆,၅၅၇ ဦးမှ မတ်လ ၂၃ ရက်နေ့မှာ ၄,၇၈၉ ဦးသို့ လျော့ကျခဲ့ပါတယ်။ မတ်လ ၂၃ ရက် ညပိုင်းအထိ အီတလီမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ပြန်လည်သက်သာလာသူ ၇,၄၃၂ ဦးရှိခဲ့ပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ အဆိုးရွားဆုံးဖြစ်ပွားခဲ့တဲ့ မီလန်မြို့ရဲ့ Lombardy နယ်မြေ ဆေးဘက်ဆိုင်ရာ ထိပ်တန်းအရာရှိ Giulio Gallera ကို သီတင်းပတ်များအတွင်း ရုပ်မြင်သံကြားမှာ ပထမဆုံးအကြိမ် ပြုံးရယ်နေတာ တွေ့ခဲ့ရတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။ "ကျွန်တော်တို့ အောင်ပွဲရပြီလို့ မကြေညာနိုင်သေးပါဘူး၊ ဒါပေမဲ့ ဥမင်အဆုံးမှာတော့ အလင်းရောင်ရှိပါတယ်" လို့ Giulio Gallera က ပြောပါတယ်။
လူဦးရေ သန်း ၆၀ ရှိတဲ့ အီတလီမှာ မတ်လ ၁၂ ရက်နေ့ကတည်းက တစ်နိုင်ငံလုံးကို အသွားအလာ ပိတ်ပင်ကန့်သတ်ထားခဲ့ပေမဲ့ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ ဆက်လက်ရှိနေခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ မတ်လ ၂၃ ရက် ညပိုင်းအထိ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၆၉,၁၆၈ ဦးနဲ့ သေဆုံးသူ ၁၆,၂၈၄ ဦးရှိပြီး ပြန်လည်သက်သာလာသူ အရေအတွက်မှာ ၁၀၀,၉၅၈ ဦးဖြစ်ကြောင်း သိရပါတယ်။